Myanmar Digital News

မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း ငါးမွေးမြူရေးကန်များ တိုးချဲ့ဖော်ထုတ်မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား နိုဝင်ဘာ ၁၉

 

မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ငွေပျော် စံပြကျေးရွာအနီးရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ပေါ်တွင် မွေးမြူရေးဇုန်နေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး မွေးမြူရေးလုပ်ကိုင်လိုသူများ အား မြေယာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နွား၊ ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာများ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပိုင်ရှင် ဦးသိန်းဟန်၏ ကြက်ခြံများ၌ အသားတိုးကြက်ကောင်ရေ ၁၀၀၀၀ ကျော် မွေးမြူထားရှိမှု၊ အဆိုပါ ကြက်မွေးမြူရေး ခြံဧရိယာအတွင်း ကြက်ခြံ သုံးခြံ ထပ်မံတည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ မကြာမီ ဒေသတွင်း၌သာ ကြက်ဥဖောက်စက်ရုံနှင့် တိရစ္ဆာန် အစာစက်ရုံ တည်ဆောက်ပြီးစီးတော့မည်ဖြစ်သည့် အတွက် ကြက်သားပေါက်ရရှိရေး စိုးရိမ်စရာမလိုတော့ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပလနကျေးရွာ၊ ရွက်လှမြိုင်ကျေးရွာ အတွင်း ငါးကန်များအား စနစ်တကျ ပြန်လည် တူးဖော်ခြင်း၊ ရေသွင်းမြောင်းများ ဖောက်လုပ်ခြင်းနှင့် ငါးမွေးကန်ဧရိယာအတွင်း မြေယာရှင်းလင်း ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အဆိုပါ ကျေးရွာအတွင်း ငါးမွေးကန် ၁၂ ကန် တူးဖော်၍ ငါး၊ ပုစွန်နှင့် ငါးရှဉ့်များ စိုက်ထည့်မွေးမြူနိုင်ရေး ငါးကန်များ တူးဖော်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသ၏ လူဦးရေနှင့်တွက်ချက်၍ မွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်သည့် စီမံချက်တစ်ခု ရေးဆွဲနိုင်ရေး၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို တိုးတက်ထွန်းကားလာစေရေး စဉ်ဆက်မပြတ် လေ့လာဆန်းစစ်၍ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ပြည်နယ်အတွင်း ဆန်စပါးအပါအဝင် ဆီထွက်သီးနှံ နှင့် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ များ၊ ဆန်စက်၊ ဆီစက်များ အသစ်တည်ဆောက် အဆင့်မြှင့်တင်နေမှု အခြေအနေများနှင့် ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ် ၍ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News