Myanmar Digital News

ကရင်ပြည်နယ်အတွင်း စပါးအထွက်နှုန်းမှန်ကန်စွာ သိရှိနိုင်ရန် မိုးစပါးစံကွက်ပေါင်း ၁၈၁၁ ကွက် ရိတ်သိမ်းသွားမည်

ဘားအံ နိုဝင်ဘာ ၁၉

 

ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးရာသီတွင် မိုးစပါး ၃၇၇၉၃၆ ဧကစိုက်ပျိုးခဲ့ပြီး စပါးအထွက်နှုန်း မှန်ကန်စွာ သိရှိနိုင်ရန်အတွက် ပြည်နယ်ရှိ မိုးစပါးစံကွက်ပေါင်း ၁၈၁၁ ကွက်ကို ရိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကြည့်ရှုအားပေး

 

ဘားအံမြို့နယ် ရဲသာကျေးရွာ အုပ်စု ကမော့ကစင်ကျေးရွာ ကွင်းအမှတ် ၁၁၈၆၊ ကမော့ကစင် အရှေ့ကွင်းရှိ တောင်သူ ဦးတင်ဝင်း ၏ ဆင်းသုခမိုးစပါးစိုက်ခင်းကို ယနေ့နံနက်ပိုင်းက စံကွက် ရိတ်သိမ်းမှု ဆောင်ရွက်ရာ စပါး စံကွက်ရိတ်သိမ်းမှု၊ ရိတ်သိမ်း ရရှိလာသည့် မိုးစပါးများကို အထွက်နှုန်းစိစစ် ချိန်တွယ် တိုင်းတာမှုတို့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်ဝန်ကြီးများနှင့် အတူ တက်ရောက်ကြည့်ရှု အားပေးသည်။

 

ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက သီးနှံအထွက်နှုန်းတိုးတက်ရေး၊ မီးဘေးအန္တရာယ်၊ မီးခိုး မြူငွေ့များနှင့် လေထုညစ်ညမ်းမှု၊ Fire Hotspot လျှော့ချရေး၊ တစ်ဧကစိုက်ပျိုး ကုန်ကျစရိတ်၊ အကျိုးအမြတ် တွက်ချက်ခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ မှာကြားကာ ပါဝင်အားဖြည့် ကူညီပေးသော အဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း(ဒုံရင်း) မှ Grade-12 အောင်မြင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး) နှင့် စိုက်ပျိုးရေးသိပ္ပံ(ဘားအံ) သို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများ အတွက် ခရီးစရိတ်နှင့် ပညာသင်စရိတ်များ ပေးအပ်သည်။

 

ကရင်ပြည်နယ် အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း(ဒုံရင်း) မှ Grade-12 အောင်မြင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)သို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၁၂ ဦး၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)သို့ တက်ရောက်မည့် ကျောင်းသူငါးဦး၊ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)သို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ ငါးဦး၊ စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)သို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ ခြောက်ဦး စုစုပေါင်း ၂၈ ဦးတို့ကို တစ်ဦးလျှင် လစဉ် တစ်လ တစ်သိန်းငါးသောင်းကျပ် ပညာသင်စရိတ် ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News