Myanmar Digital News

ပျော်ဘွယ်မြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ပျော်ဘွယ် နိုဝင်ဘာ ၂၀

 

ပျော်ဘွယ်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်က စီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ စီမံကိန်းရန်ပုံငွေများ အသုံးပြုရာတွင် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် ရန်ပုံငွေများကို ထိရောက်စွာအသုံးချနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ညှိနှိုင်းဆွေးနွေးသည်။

 

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က စီမံကိန်းများရေးဆွဲရာတွင် ဒေသ၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပြည်သူများ၏ လိုအပ်ချက်များအား မှန်ကန်စွာဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက ကျေးလက်ရေရရှိရေးလုပ်ငန်း၊ အသေးစားဆိုလာစိုက်ပျိုးရေ ရရှိရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းတံတား လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သတ်၍ လိုအပ်ချက်များ၊ အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

ကျော်စွာထက်(ပျော်ဘွယ်) 

မူရင်းသတင်း — Myanmar Digital News