
တပ်မတော်စစ်ကြောင်းများက မွန်ပြည်နယ်နှင့် ပဲခူးတိုင်း နယ်စပ်ဒေသတစ်ဝိုက်ရှိ KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား ထပ်မံတိုက်ခိုက်ပြီး စုစုပေါင်းစခန်း ၂၈ ခု သိမ်းပိုက်ရရှိကြောင်း သိရသည်။
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းခိုအောင်းသည့် KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တပ်မတော်စစ်ကြောင်းများက ချီတက်တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်ရှိ CRPH၊ NUG ၏ အထူးတိုင်းစစ်ဌာနအပါအဝင် ယာယီအခြေပြုစခန်း ၁၁ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်/ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများအတွင်း ခိုအောင်းနေထိုင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ထီးကလာချောင်းအနီး ၎င်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း နှစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော့ထီးချောင်းအနီး KNLA တပ်မဟာ(၁)၊ ရင်း(၃)အပါအဝင် ယင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း နှစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ကလောချောင်းအနီးတွင် ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း နှစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ထီးချောင်းအနီးတွင် ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း နှစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ရွာအနီးတွင် ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း တစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ နတ်စင်ရွာနှင့် ကျောက်ဖျာရွာအနီးတစ်ဝိုက်တွင် ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း သုံးခုအား လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့တောင်ဘက် ချောင်းစောက်ရွာအနီး ၎င်းအဖွဲ့များ ခိုအောင်းဆေးကုသနေသည့်နေရာ တစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် စစ်စခန်းအဖြစ်အသုံးပြုကာ အဓိကအခြေပြုနေသည့် ချောင်းစောက်ရွာအားလည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ယင်းအဖွဲ့များ ထွက်ပြေးရာနောက်သို့ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက်တွင် ချောင်းစောက်ရွာအနီး ဝန်းကျင်တစ်ဝိုက်၌ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း သုံးခုအား ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့၎င်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF ပူးပေါင်းအဖွဲ့များ၏စခန်း ၁၇ ခုတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ခေါင်းဆောင် နှစ်ဦးအပါအဝင် အလောင်း ခုနစ်လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၁၅၈ ခု၊ 4 x 4 မော်တော်ယာဉ် ၂ စီး၊ ဒေသန္တရလုပ်မော်တော်ယာဉ် ၁ စီး၊ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ လူနေတဲများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်း အများအပြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက အဆိုပါကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း ယင်းပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တိုက်ခိုက်ချေမှုန်းရာတွင် နိုဝင်ဘာ ၃ ရက်မှ ၁၉ ရက်အထိ စုစုပေါင်း တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး CRPH၊ NUG ၏ အထူးတိုင်းစစ်ဌာနအပါအဝင် KNU၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်မျိုးစုံ ၁၃၄ လက်၊ ကျည်မျိုးစုံ ၁၃၇၁၉ တောင့်၊ မိုင်းမျိုးစုံ၊ ဗုံးသီးအမြောက်အများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးနေမှုများကို လုပ်ဆောင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။