
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ပြီးသည့်နောက် အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန်ကုမ္ပဏီများအတွက် စီးပွားရေးသဘောတူညီချက်များနှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ရရှိခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
အဆိုပါသဘောတူညီချက်များအနက် Boeing နှင့် GE Aerospace တို့က ဖိလစ်ပိုင်လေကြောင်းလိုင်းအတွက် Boeing 787 လေယာဉ်အစင်း ၂၀ ရောင်းချမည့် ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ကို အပြီးသတ်နိုင်ခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ဖိလစ်ပိုင်၏ ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုများအတွက် အမေရိကန်ဘက်မှ ငွေကြေးထောက်ပံ့မှု ဒေါ်လာ ၂ ဘီလီယံကျော် ရရှိရေးကို ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ကာ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်စစ်တပ်၏ စစ်ဆင်ရေးများကိုလည်း အမေရိကန်က ဒေါ်လာသန်း ၄၀၀ ထောက်ပံ့မည်ဟု သိရသည်။
ထိုင်းနိုင်ငံကလည်း အမေရိကန်ထုတ် HIMARS အမြောက်ဒုံးကျည်စနစ်များ ဝယ်ယူရန် ဒေါ်လာ ၁၂၃ သန်းအထိ သုံးစွဲရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြောသည်။ ယင်းသဘောတူညီချက်ကို အကောင်အထည်ဖော်ပါက ကုန်းတွင်းပိုင်း အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းက HIMARS ဝယ်ယူသည့် ပထမဆုံးနိုင်ငံ ဖြစ်လာနိုင်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် Latitude Energy နှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Danantara တို့က အမေရိကန်နည်းပညာ အသုံးပြုမည့် ဒေါ်လာ ၂ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်း တစ်ခုအတွက် ဆွေးနွေးနေကြသည်။
ထို့ပြင် အမေရိကန်ကုမ္ပဏီ Navajo Transitional Energy Company က မလေးရှားနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ Tenaga Nasional Berhad ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံ ကျောက်မီးသွေးများ ထောက်ပံ့ရန် သုံးနှစ်စာ ဒေါ်လာသန်း ၁၀၀ တန်ကြေးရှိ သဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း အိမ်ဖြူတော်ကပြောသည်။ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့ရှိ AI ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ကိုလည်း အမေရိကန်က ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။
ဘရူနိုင်းနိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီ Unified National Networks က ဒေတာစင်တာတည်ဆောက်ရေး တင်ဒါကို အမေရိကန်ကုမ္ပဏီ Vertiv အား ပေးအပ်ရန် စီစဉ်နေပြီး ထိုစီမံကိန်းတွင် အမေရိကန်ကုမ္ပဏီများထံမှ ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဝယ်ယူရန် ဒေါ်လာ ၁ ဘီလီယံနီးပါး သုံးစွဲမည်ဖြစ်သည်။
Source: Reuters