
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၅ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ် အပူဇော်ခံပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ပွဲတော်အစီအစဉ်အရ နိုဝင်ဘာ ၂၀ ရက် တန်ဆောင်မုန်းလဆန်း ၁၁ ရက်တွင် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ကျင်းပမည်ဖြစ်ပြီး ပြည်မြို့တွင် ဗုဒ္ဓမြတ်စွယ်တော်ကို သုံးနှစ်လျှင် တစ်ကြိမ်သာ မြို့တွင်းသို့ လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလဆန်း ၁၃ ရက်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ပြည်မြို့တွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး အဆိုပါ လှည့်လည်ပူဇော်ပွဲတွင် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များကလည်း ပါဝင်ဆင်နွှဲကာ ရိုးရာယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေ၍ ကြိုဆိုပူဇော်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို ပြည်မြို့တွင်း လှည့်လည်အပူဇော်ခံပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ပြည်မြို့ ရွှေဆံတော်စေတီတော်ရင်ပြင်ရှိ ကျားပျံမကောက်ဓမ္မာရုံတွင် အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်၊ နိုဝင်ဘာ ၂၆ ရက် ကြာသပတေးနေ့ ညပိုင်းတွင် (၂၆၁၅) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအခမ်းအနားနှင့် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ကို ဘဏ္ဍာတိုက်အတွင်း ပြန်လည်ကိန်းဝပ်ပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ပွဲတော်ရက်ကာလအတွင်း ဈေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ပြည်မြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
■ ပုံစာ-ပြည်မြို့ မြတ်စွယ်တော် ယာယီအပူဇော်ခံမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေနေသည်ကိုတွေ့ရစဉ်။