Myanmar Transparency News

ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ လှည်းကူးတွင် ဖမ်းမိ

ရောင်ဝါ
၂၀. ၁၁. ၂၀၂၆

လှည်းကူးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာနေ မင်းထက်အောင်(ခ)ကိုထက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သီဟအောင် (ခ) သီဟ၊ ရဲထိုက်အောင်(ခ)ရဲထိုက်၊ ခန့်မင်း(ခ)အကြီးကောင်နှင့် ဇော်မျိုးတို့အား လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာအနီးတွင် BMW အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား လည်းကောင်း၊ သန်းကိုကိုအား လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအနီးတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းမိတရားခံများဖြစ်သည့် မင်းထက်အောင်(ခ) ကိုထက်(၄၃)နှစ်၊ သီဟအောင်(ခ) သီဟ (၄၇)နှစ်၊ ရဲထိုက်အောင်(ခ)ရဲထိုက်(၅၂)နှစ်၊ ခန့်မင်း(ခ)အကြီးကောင်(၂၃)နှစ်၊ ဇော်မျိုး(၄၀)နှစ် နှင့် သန်းကိုကို(၃၂)နှစ်တို့အား လှည်းကူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News