Eleven Media Group

မွန်ပြည်နယ်လဝကရုံးဝန်ထမ်းတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ်လဝကရုံးဝန်ထမ်းတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ ပြည်နယ်လဝကရုံးမှ ဒုလဝကမှူးဖြစ်သူ မိုးဆက်နိုင် (ခ) ဖိုးသား ဆိုသူ၏ နေအိမ်အား

မူးယစ်ဆေးဝါး သတင်းအရ သက်ဆိုင်ရာက သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး "ဒုလဝကမှူး မိုးဆက်နိုင် (ခ) ဖိုးသားရဲ့နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြားနဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်" ဟုပြောကြာသည်။

ထို စိတ်ကြွရူးသွပ်‌ဆေးပြားများအား မိုးဆက်နိုင် (ခ) ဖိုးသားက ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်းရွာ အပြင်စေတီအနီး လမ်းမပေါ်တွင် အမည်မသိ အသက် (၃၅) နှစ်အရွယ်ရှိ ကရင်လူမျိုးတစ်ဦးထံမှ တစ်ပြား ကျပ် ၁၀၀၀ နှုန်းဖြင့် အပြား ၁၀၀၀ အား ကျပ် ၁၀ သိန်းဖိုးဝယ်ယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ထားကြောင်းလည်း ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိ သုံးစွဲရောင်းချသူ မိုးဆက်နိုင်(ခ)ဖိုးသားအား မော်လမြိုင်မြို့မ ရဲစခန်းတွင် မယ (ပ) ၄၅/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ-၁၉(က)/၂၀(က)အရ အမှုရေးဖွင့် အရေးယူဆောင်ထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group