
Pika (NP News)- နိုဝင်ဘာ ၂၀
ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့က ၎င်းတို့ရဲ့စစ်ရေးနဲ့လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
သဘောတူညီချက်အရ အနာဂါတ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ဂျပန်တပ်ဖွဲ့ဝင်တွေက အိန္ဒိယနိုင်ငံမှာရှိတဲ့ ပစ်ခတ်ရေးလေ့ကျင့်ကွင်းတွေမှာ ဒုံးကျည်တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတို့ကို လုပ်ဆောင်ခွင့်ရရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျပန်နဲ့အိန္ဒိယတို့ဟာ တိုကျိုမြို့မှာလုပ်ဆောင်ခဲ့တဲ့ ကာကွယ်ရေးနဲ့နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံမှုအတွင်း အခုလိုသဘောတူညီခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
အဲဒီအစည်းအဝေးကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိနဲ့ နိုင်ငံခြားရေးဝန်ကြီး တိုရှိမိဆွတ်မိုတဲဂိတို့ တက်ရောက်ခဲ့ပြီး အိန္ဒိယဘက်က ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးအက်စ်ဂျီရှန်ကာတို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့ဟာ ဒေသတွင်းတင်းမာမှုတွေနဲ့ မရေရာမှုတွေမြင့်တက်လာတဲ့ အခြေအနေမှာ လုံခြုံရေး၊ကာကွယ်ရေးနဲ့စီးပွာရေးဆိုင်ရာ ဆက်ဆံရေးတွေကို မကြာသေးခင်နှစ်တွေအတွင်း ပိုမိုတိုးမြှင့်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့ဟာ တရုတ်နိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ Quad (အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ပါဝင်တဲ့မဟာမိတ်အဖွဲ့)မှာလည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်လျက်ရှိတာလည်းဖြစ်ပါတယ်။