Eleven Media Group

ရှန်ကျန်းမှ မထွက်ခွာမီ အဲဖို့စ်ဝမ်းလေယာဉ်ပေါ်တွင် သတင်းထောက်များ၏ ဖုန်းများ သိမ်းဆည်းခံရ

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ လိုက်ပါလာသည့် သတင်းထောက်များကို တရုတ်နိုင်ငံအတွင်း အသုံးပြုခဲ့သည့် မိုဘိုင်းဖုန်းများ ပြန်လည်အပ်နှံရန် နိုဝင်ဘာ ၁၉ ရက်တွင် ရှန်ကျန်းမြို့မှ အမေရိကန်သို့ ပြန်လည်မထွက်ခွာမီ တောင်းဆိုခဲ့ကြောင်း သိရသည်။

သမ္မတနှင့်အတူ လိုက်ပါသတင်းယူခွင့်ရသည့် အိမ်ဖြူတော်သတင်းထောက် အဖွဲ့ဝင်တစ်ဦး၏ မှတ်တမ်းအရ လေယာဉ်ပေါ်တက်ချိန်တွင် ဝန်ထမ်းတစ်ဦးက သတင်းထောက်အချို့၏ ဖုန်းများကို စုဆောင်းကာ ကြိုးမဲ့ဆက်သွယ်ရေး အချက်ပြလှိုင်းများကို ပိတ်ဆို့ပေးသည့် Faraday အိတ်များအတွင်း ထည့်သွင်းခဲ့ပြီး သူလျှိုထောက်လှမ်းမှုအန္တရာယ်ကို ကာကွယ်ရန် လိုအပ်သည့် ဆိုက်ဘာလုံခြုံရေး အစီအမံဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထို့ပြင် ရှန်ကျန်းခရီးစဉ်အတွင်း အိမ်ဖြူတော်ဝန်ထမ်းများ အသုံးပြုခဲ့သည့် ယာယီဖုန်းများကိုလည်း သမ္မတ၏ လက်ထောက်တစ်ဦးက စုဆောင်းခဲ့ပြီး စွန့်ပစ်ရန် သို့မဟုတ် အတွင်းရှိအချက်အလက်များ ဖျက်ပစ်ရန်ဖြစ်ကြောင်း ဗီဒီယိုသတင်းထောက်အဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

Faraday အိတ်များသည် အီလက်ထရွန်နစ်ပစ္စည်းများထံ ကြိုးမဲ့ဆက်သွယ်ရေးအချက်ပြလှိုင်းများ မရောက်ရှိစေရန် ပိတ်ဆို့ပေးသည့် အိတ်များဖြစ်ပြီး စောင့်ကြည့်ထောက်လှမ်းခံရခြင်းနှင့် အချက်အလက်များ ရယူခံရခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်သည်။

နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံသို့ မရောက်ရှိမီ သတင်းထောက်များနှင့် ဓာတ်ပုံသတင်းထောက် အများအပြားသည် ၎င်းတို့၏ ပုံမှန်လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်ဖုန်းများ၊ လက်ပ်တော့များနှင့် စမတ်နာရီများကို အကာအကွယ်အိတ်များအတွင်း ကြိုတင်ထည့်ထားခဲ့ကြသည်။ ထိုပစ္စည်းများကိုမူ အပြန်ခရီးတွင် လေယာဉ်ပေါ်၌ ပြန်လည်အသုံးပြုခွင့်ရခဲ့သည်။

တရုတ်နိုင်ငံအတွင်း အသုံးပြုခဲ့သည့် အီလက်ထရွန်နစ်ပစ္စည်းများကို အမေရိကန်သို့ လေယာဉ်ဆင်းသက်သည်အထိ အချက်ပြလှိုင်းပိတ်ဆို့သည့် အိတ်များအတွင်း ထည့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး အဲဖို့စ်ဝမ်းလေယာဉ် အမေရိကန်သို့ ဆင်းသက်ပြီးသည့်နောက် သတင်းထောက်အဖွဲ့ဝင်များထံ ဖုန်းများကို ပြန်လည်ပေးအပ်ခဲ့သည်။

Ref: AFP

Photo: The New York

မူရင်းသတင်း — Eleven Media Group