
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟုပြောကြားခဲ့သော်လည်းအလုပ်များလွန်းသဖြင့် မတွေ့ဆုံဖြစ်ခဲ့ကြောင်း၊ တစ်ချိန်ချိန်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု NBC News သတင်းဌာနက ဖော်ပြသည်။
အာရှခရီးစဉ်မှ ဝါရှင်တန်သို့ လေယာဉ်ဖြင့် ပြန်လည်လိုက်ပါလာစဉ် သမ္မတထရန့်နှင့် စကားပြောခွင့်ရခဲ့သည့် NBC News သတင်းထောက် ဂါဘီ ဂူတီယာရက်ဇ်၏ ပြောကြားချက်အရ ထရန့်က "ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကတော့ ရှိပါတယ်၊ ဒါပေမဲ့ မတွေ့ဖြစ်ခဲ့ပါဘူး" ဟု ဆိုသည်။
သမ္မတထရန့်သည် ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထို့နောက် တရုတ်နိုင်ငံ၌ ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် တရုတ်သမ္မတ ရှီကျင်းပင်၊၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် အရေးပါသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
"အစည်းအဝေးတွေက အရမ်းများလွန်းနေတော့ အဆင်မပြေနိုင်ခဲ့ဘူး" ဟု ထရန့်က ပြောကြားခဲ့ကြောင်း ဂူတီယာရက်ဇ်က ပြန်လည်ပြောပြသည်။
ထို့အပြင် ထရန့်က "တစ်ချိန်ချိန်မှာတော့ တွေ့ဆုံမှာပါ " ဟု ထပ်လောင်းပြောကြားခဲ့သည်။
ထရန့်သည် ၎င်း၏ ပထမသက်တမ်းအတွင်းကင်ဂျုံအွန်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပြီး ယခုသီတင်းပတ် အာရှခရီးစဉ်၌ မြောက်ကိုရီးယားခေါင်းဆောင်နှင့်ထပ်မံတွေ့ဆုံနိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ကင်နှင့် ထရန့်တို့၏ ယခင်ထိပ်သီးအစည်းအဝေးများ၌ ပြုံယမ်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ခိုင်မာသော သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ကုလသမဂ္ဂ၏ နှစ်ရှည်လများ ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်တိုင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ဥပဒေဖြင့် ပြဋ္ဌာန်းကာ နောက်ကြောင်းပြန်လှည့်၍ မရတော့သည့် အမြဲတမ်းအင်အားအဖြစ် ကြေညာထားပြီး ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။
■ Ref:AFP