
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်သည် လမ်းဘေးအုတ်ခုံကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ကာ သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နေ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး စီးနင်းမောင်းနှင်လာသော မော်တော် ဆိုင်ကယ်သည် ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်က အောင်ပန်း-ရွှေညောင် ပြည်ထောင်စု လမ်းမကြီး အတိုင်း မောင်းနှင်လာစဉ် ဟဲဟိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွှေလရောင်ကားဂိတ်အနီး အရောက်တွင် အရှိန်မထိန်း နိုင်ဘဲ လမ်းတစ်ဘက်ယာဉ်ကြောရှိ ရေမြောင်းအုတ်ခုံအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် မောင်းနှင်သူ အမျိုးသမီးတွင် ဝဲဘက်လက်မောင်းရိုးကျိုးဒဏ်ရာ၊ ဦးခေါင်း ယာချိုစောင်း ဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဟဲဟိုးပြည်သူ့ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရ သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသမီးအား ဟဲဟိုးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။