Eleven Media Group

ထားဝယ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ထားဝယ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးအောင်ဇော်ဟိန်းဆိုသူဖြစ်ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီခန့်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ ၎င်းပိုင်ဆိုင်သည့် Royal KK ကော်ဖီဆိုင်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး " ဦးအောင်ဇော်ဟိန်းက ကော်ဖီဆိုင်ကနေထွက်လာပြီး ‌ကား‌ပေါ်တက်နေတဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်" ဟု ပြောကြားသည်။

ဦးအောင်ဇော်ဟိန်းတွင် သေနတ်ဒဏ်ရာ ဆယ်ချက်ထက်မနည်းရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာမှာပင် သေဆုံးကြောင်းနှင့် ၎င်း၏ရုပ်အလောင်းအား ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ထိုမှ ၎င်း၏နေအိမ်သို့ သယ်ဆောင်သွားသည်ဟုသိရကြောင်း ၎င်းမြို့ခံက ဆိုသည်။

ဦးအောင်ဇော်ဟိန်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ဦးအောင်ဇော်ဟိန်းသည် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ (DDPC) ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ထားဝယ်မြို့

ကြက်စားပြင်ရပ်ကွက်ရှိ ပုဂ္ဂလိကအောင်တံခွန်ငါးလေလံဈေး၏ ဈေးပိုင်ရှင်တစ်ဦးလည်းဖြစ်ကြောင်း၊ DDPC ၏ လုပ်ငန်းများအထဲမှ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားပေးနေသော ကိုယ်ပိုင်မူကြိုကျောင်းတစ်ခုလည်းဖွင့်လှစ်ထားကြောင်း ထားဝယ်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group