
လှည်းကူးမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာနေ မင်းထက်အောင်(ခ)ကိုထက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၀၀၀၀၀၀ ပြား(ခန့်မှန်းကျပ် ၁ ဒသမ ၅ ဘီလျံ)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သီဟအောင်(ခ)သီဟ၊ ရဲထိုက်အောင်(ခ)ရဲထိုက်၊ ခန့်မင်း(ခ)အကြီးကောင်နှင့် ဇော်မျိုးတို့အား လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာအနီးတွင် BMW အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အားလည်းကောင်း၊ သန်းကိုကိုအား လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအနီးတွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် မင်းထက်အောင်(ခ)ကိုထက်(၄၃)နှစ်၊ သီဟအောင်(ခ)သီဟ(၄၇)နှစ်၊ ရဲထိုက်အောင်(ခ)ရဲထိုက်(၅၂)နှစ်၊ ခန့်မင်း(ခ)အကြီးကောင်(၂၃)နှစ်၊ ဇော်မျိုး(၄၀)နှစ် နှင့် သန်းကိုကို(၃၂)နှစ်တို့အား လှည်းကူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။