Eleven Media Group

■ ICJ အမိန့် တရားမျှတမှုမရှိဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ICJ အမိန့် တရားမျှတမှုမရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ICJ အမိန့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ICJ တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၉ ရက်က တရားသူကြီး ၁၅ ဦးဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“တရားသူကြီး ၁၅ ယောက်မှာ ၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူး။ ၉ ယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်။ ၆ ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံး တညီတညွတ်တည်း တညီတညာတည်း ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ Fair မဖြစ်ဘူးလို့ ကျွန်မပြောချင်ပါတယ်”ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

ICJ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မတရားစွပ်စွဲခံရသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဖြေရှင်းချက်များကို စနစ်တကျလုပ်ဆောင်ခဲ့ကြောင်း၊ အမိန့်မချမီ ကြားကာလတွင် ICJ က ချမှတ်ပေးခဲ့သည့် ကြားဖြတ်ဆောင်ရွက်ရမည့် အမိန့်များကိုလည်း မြန်မာနိုင်ငံဘက်က အကုန်လုံး လိုက်နာခဲ့ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လိုက်နာစရာများနှင့် ဖြေရှင်းစရာများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်အနေဖြင့် စာမျက်နှာ ၁၈၆ မျက်နှာရှိပြီး တရားသူကြီးများ၏ စီရင်ချက် စာမျက်နှာ ၂၆၉ မျက်နှာရှိကာ ဥပဒေရေးရာကိစ္စဖြစ်သဖြင့် အဆိုပါစီရင်ချက်များကို အချိန်ယူ၍ လေ့လာသွားမည်ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

ကုလသမဂ္ဂထိပ်တန်းတရားရုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ ဟုဖော်ပြထား) များကို မြန်မာ၏ဖြိုခွင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှု‌မြောက်သည်ဟုနိုဝင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ဘင်္ဂါလီများကိုလူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့ပြီး ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့သည်ဟု ICJ ကပြောကြားခဲ့သည်။

ဘင်္ဂါလီတို့ကို မြန်မာ၏ဖြိုခွင်းမှုက ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂမ်ဘီယာ၏စွပ်စွဲမှုများကို ICJ တရားသူကြီးများကလေ့လာချိန်ဆနေသည်မှာ ခုနစ်နှစ်ကြာမြင့်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း တရားရုံးအနေဖြင့် ခိုင်လုံစွာ ယုံကြည်လက်ခံသည်ဟု ICJ ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ Yuji Iwasawa က ပြောကြားခဲ့သည်။

မြန်မာကမူ ဘင်္ဂါလီတို့ကို လူမျိုးတုံးသတ်သည်ဆိုခြင်းအား အမြဲတစေ ငြင်းဆန်းထားသည်။ လုံခြုံရေး အများအပြားသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် သောင်းကျန်းသူတို့၏စစ်ရေးပုန်ကန်မှုကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားသည်။

တရားသူကြီး ၁၅ ဦးပါဝင်သည့် အဖွဲ့က ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group