
စော(NP News) - နိုဝင်ဘာ ၂၀
ဒေါ်အောင်ဆန်းစုကြည်အား တရားဥပဒေအရ အကျဉ်းချထားသော်လည်း အဆင့်မီပြီး သက်သောင့်သက်သာရှိစေရန် အစိုးရအနေဖြင့် စီစဉ်ပေးထားကြောင်းနိုင်ငံတော် သမ္မတရုံး ဒုတိယဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက နိုဝင်ဘာလ (၂၀) ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ICRC နဲ့တွေ့ခွင့်ပေးခြင်း၊ သားဖြစ်သူနှင့် ဖုန်းပြောခွင့်ပေးသည်ကို တွေ့ရ၍ မကြာမီအချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အစီစဉ်ရှိ၊ မရှိ နှင့် နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောဆိုနေမှုအပေါ် သဘောထားကို မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ICRC နှင့်တွေ့ဆုံခွင့်ပေးခြင်း၊ သားဖြစ်သူနှင့် ဖုန်းပြောခွင့်ပေးခြင်းတို့ကိုလည်း တရားဝင် သတင်းထုတ်ပြန်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲမသမာမှု၊ အဂတိလိုက်စားမှု မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေ စသည်ဖြင့် တရားဥပဒေအရ ပြစ်မှုထင်ရှား၍ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခံထားရပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အရွယ် လူသားချင်းစာနာထောက်ထားမှု အဲဒီအတွက်ကို ရှေးရှုပြီးတော့မှ ပြစ်ဒဏ်တွေလျော့ပေါ့ပေးတယ်။ အကျဉ်းထောင်မှာ မထားပါဘူး။ ဓာတ်ပုံထဲမှာ မြင်ရမှာပါ။ အိမ်နဲ့ ကောင်းကောင်းကို စနစ်တကျ ထားပါတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ကင်းလွတ်ခြင်းပေးခြင်း၊ မပေးခြင်းအား နိုင်ငံတော်သမ္မတ Time မဂ္ဂဇင်းနှင့်တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် အပေါ်မှာသာ မူတည်၍ လျော့ပေါ့စဉ်းစားရမည့် အချက်အလက်များရှိပါက လျော့ပေါ့စဉ်းစားပါမည်ဟု ဖြေကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“ဖြည့်စွက်ပြီးပြောချင်တာကတော့ အားလုံးမြင်တဲ့အတိုင်းပဲ အကျည်းချထားတယ်ဆိုပေမဲ့ နေရထိုင်ရတဲ့ Standard ၊ Comfortable ဖြစ်မှု အစိုးရအနေနဲ့ အများကြီးသက်သက်ညှာညှာ စဉ်းစားပေးထားပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
စော