NP News

ရုရှား၏ရည်မှန်းချက်များ ဘယ်တော့မှအောင်မြင်မည် မဟုတ်ဟု ယူကရိန်းသမ္မတပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

'ရုရှားသည် ၎၏ ရည်မှန်းချက် မည်သည့်အရာကိုမျှ အောင်မြင်မည်မဟုတ်' ဟု ယူကရိန်းသမ္မတဇီလန်းစကီး ကထုတ်ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းသမ္မတဇီလန်းစကီး က နိုဝင်ဘာ(၁၈)ရက်တွင် 'Coalition of the Willing' နိုင်ငံများနှင့် တွေ့ဆုံမည့် လာမည့် အစည်းအဝေးအတွက် ယူကရိန်း၏ ရည်မှန်းချက်များနှင့် နိုင်ငံတကာ ထောက်ပံ့မှုများကို အကျဉ်းချုပ် ပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

"ယူကရိန်းရဲ့စွမ်းဆောင်ရည်တွေကို ခိုင်မာစေတဲ့ဆုံးဖြတ်ချက်တိုင်းနဲ့ ယူကရိန်းအတွက် ထောက်ပံ့မှုတိုးမြှင့်ဖို့ လုပ်ဆောင်တဲ့ခြေလှမ်းတိုင်းဟာ ရုရှားကို အင်မတန် ရှင်းလင်းတဲ့အချက်ပြမှုတစ်ခု ပေးပို့လိုက်တာဖြစ်ပါတယ်။အဲဒါကတော့ ဒီစစ်ပွဲပြီးဆုံးရမယ်။ ပြီးတော့ ဒီစစ်ပွဲကနေတစ်ဆင့် ရုရှားဟာ ၎င်းရဲ့ရည်မှန်းချက်အောင်မြင်မှာ မဟုတ်ဘူး" ဟု သမ္မတဇီလန်းစကီးက ပြောကြားခဲ့သည်။
Coalition of the Willing' မိတ်ဖက်အဖွဲ့ကို ဖွဲ့စည်းထားသည့် နိုင်ငံပေါင်း ဒါဇင်နှင့်ချီ၍ နိုဝင်ဘာ (၁၉) ရက်တွင် ဘာလင်မြို့၌ တွေ့ဆုံဆွေးနွေးချိန်တွင် ယူကရိန်းသမ္မတ၏ ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ယူကရိန်း၏ လေကြောင်းကာကွယ်ရေးနှင့်စွမ်းအင်ကဏ္ဍအတွက် ထပ်မံထောက်ပံ့မှုများ ရရှိရန် ဖြစ်ကြောင်း ဇီလန်းစကီးက ပြောကြားခဲ့သည်။
ဆောင်းရာသီ နီးကပ်လာချိန်တွင် ယူကရိန်းနိုင်ငံတစ်ဝန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားတပ်ဖွဲ့များက ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပြီး၊ Starlink ကန့်သတ်ချက်များနှင့် လေကြောင်းကာကွယ်ရေး လိုအပ်ချက်များက အဆိုပါခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်သည့်ယူကရိန်း၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနေချိန်တွင် သမ္မတဇီလန်စကီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

လေကြောင်းကာကွယ်ရေး ထောက်ပံ့မှုကိစ္စသည် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သော ရမ်စတိန်း (Ramstein) ကာကွယ်ရေး အစည်းအဝေး၏ အဓိက အကြောင်းအရာတစ်ခုလည်း ဖြစ်ကြောင်း သမ္မတက ဆိုသည်။ ထိုထိပ်သီးအစည်းအဝေးမှတစ်ဆင့် ယူကရိန်းအတွက် F-16 တိုက်လေယာဉ်များ ထပ်မံရရှိရေးတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း ဇီလန်းစကီးက ပြောကြားခဲ့သည်။
'Coalition of the Willing' နိုင်ငံများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတကာဘဏ္ဍာရေးအကူအညီသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဟု ဇီလန်းစကီးက ဆိုသည်။ ၂၀၂၇ ခုနှစ်တွင် ယူကရိန်းအတွက် ထပ်ဆောင်းဘဏ္ဍရေးထောက်ပံ့မှုအဖြစ် ယူရို (၄၅) ဘီလီယံ အထိ ပံ့ပိုးပေးရန် ဥရောပကော်မရှင်က မကြာသေးမီက အတည်ပြုလိုက်သော ဥပဒေကြမ်း အဆိုပြုချက်များကို ယူကရိန်းသမ္မတ ချီးကျူးခဲ့သည်။

မူရင်းသတင်း — NP News