Xinhua Myanmar

မြန်မာနိုင်ငံအား ICJ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းမှုအား ဖြေကြား

မြန်မာနိုင်ငံအနေဖြင့် ၎င်းပြည်တွင်းရှိ ရိုဟင်ဂျာများအား “လူမျိုးသုဉ်းသတ်ဖြတ်မှု” လုပ်ဆောင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းထောက်က မေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် ICJ ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် အလွန်ရှုပ်ထွေးသော သမိုင်းကြောင်း၊ လူမျိုးစုနှင့် ဘာသာရေးနောက်ခံရှိရာ အထွေထွေ မူဝါဒနည်းလမ်းများ ကျင့်သုံး၍ လျော်ကန်စွာ ဖြေရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအတွက် အတူတကွ ကြိုးပမ်းသင့်ပြီး အဆိုပါအရေး ရှုပ်ထွေးလာစေခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု မြှင့်တင်ခြင်းကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသောပြည်သူများ နေရပ်ပြန်ရေးကိစ္စ ဖြေရှင်းမှုကို တွန်းအားပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားစီရင်မှုအဖွဲ့အစည်းသည် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ထိန်းသိမ်းသည့် အရေးကြီးကိရိယာ ဖြစ်သောကြောင့် တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်အား သတိပြုကျင့်သုံးရန် ပိုမိုလိုအပ်သည်ဟု ယူဆကြောင်း၊ အခွင့်အာဏာကျော်လွန်ပြီး စီမံခြင်းနှင့် အလွန်အကျူး အဓိပ္ပာယ်ဖွင့်ဆိုခြင်း စသည့် အရေးကိစ္စရပ်များအပေါ် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မှုများရှိကြောင်း၊ သက်ဆိုင်ရာလုပ်ရပ်သည် အငြင်းပွားမှုအား ဖြေရှင်းရန်အတွက် အကျိုးမပြုဟု ယူဆကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — Xinhua Myanmar