Eleven Media Group

■ တောင်ငူမြို့နယ်လုံးဆိုင်ရာ (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲ ကျင်းပမည်

တောင်ငူမြို့၏ ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် တောင်ငူမြို့နယ်လုံးဆိုင်ရာ (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများကို နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် မဟာမုနိကေလဇာတီဘုရား အနောက်မုခ်ရှေ့မှ စတင်ပင့်ဆောင်ကာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း တောင်ငူမြို့တွင်း ရပ်ကွက်၊ လမ်းများအတွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံသွားမည်ဖြစ်သည်။

ဘုရားပင့်ဆောင်မည့်အဖွဲ့များအနေဖြင့် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီအရောက် ဘုရားလမ်းနှင့် ထီးလှိုင်အမြန်လမ်းတို့ရှိ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြရမည်ဖြစ်ကြောင်း သိရသည်။

ဘုရားများ လှည့်လည်အပူဇော်ခံမည့် သတ်မှတ်လမ်းကြောင်းများကို အသိပေးထားပြီး ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များအနေဖြင့် ဘုရားပင့်ဆောင်ပူဇော်မည့်အဖွဲ့များကို ဦးစားပေး၍ သွားလာမောင်းနှင်ကြရန် မဟာမုနိကေလဇာတီဘုရားဂေါပကအဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့နောက် နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီတွင် မဟာမုနိကေလဇာတီဘုရားဝန်းအတွင်း၌ ဟိန်းသံသာ မြန်မာမှုတေးဂီတအဖွဲ့က ဘုရားဖူးလာပြည်သူများအား ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်အစော ၁ နာရီအချိန်မှစတင်၍ ပခုံးထမ်းကျောင်းဆောင်များဖြင့် အာရုံခံလှည့်လည်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားပွဲအတွက် မဟာမုနိကေလဇာတီဘုရားအတွင်း ကိန်းဝပ်စံပါယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များကို ရပ်ကွက်၊ အသင်းအဖွဲ့များမှ ပင့်ဆောင်ပူဇော်ခွင့်ရသည့် ဘုရားအမှတ်စဉ်အတိုင်း နိုဝင်ဘာ ၁၆၊ ၁၇ နှင့် ၁၈ ရက်တို့တွင် သက်ဆိုင်ရာ ယာယီစံကျောင်းတော်များသို့ ပင့်ဆောင်ထားပြီး လက်ရှိတွင် ယာယီစံကျောင်းတော်များ၌ ကိန်းဝပ်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group