
အမေရိကန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို သံတမန်နည်းလမ်းဖြင့် အဆုံးသတ်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီက ပြောကြားခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်သည် သဘောတူညီချက်တစ်ရပ် ရယူလိုချင်သော်လည်း ၎င်းအတွက် လက်ခံနိုင်ဖွယ်မရှိသည့် အခြေအနေဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် အီရန်နှင့် အမေရိကန်ကြား သတင်းစကားများ ဆက်လက်ဖလှယ်နေဆဲဖြစ်ပြီး အီရန်အနေဖြင့် နောက်ထပ်စစ်ပွဲ မဖြစ်ပွားစေရန် အာမခံနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို ရှာဖွေနေကြောင်း အာရတ်ချီက နိုင်ငံပိုင်သတင်းစာကို ပြောကြားခဲ့သည်။
ဆွေးနွေးမှုများကို ရှေ့ဆက်မလုပ်ဆောင်မီ အမေရိကန်ဘက်က စေ့စပ်ညှိနှိုင်းရေးအပေါ် အမှန်တကယ် အလေးအနက်ထားသည့် အာမခံချက်များကို အီရန်က လိုချင်နေသည်ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ၏ ပုံစံနှင့် သဘောသဘာဝတို့ကို ကြားဝင်စေ့စပ်ပေးသူများနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေကာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်စေသည့်အပြင် ဒေသတွင်းနိုင်ငံများပါ ပါဝင်ပတ်သက်လာစေခဲ့သော ယင်းပဋိပက္ခကို အဆုံးသတ်နိုင်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
မျှတသော အဖြေတစ်ခုရရှိရန် ဖြစ်နိုင်ခြေရှိနေသေးသော်လည်း အီရန်၏ လုံးဝအလျှော့မပေးနိုင်သည့် အချက်များထဲတွင် သန့်စင်မှုမြင့်မားသည့် ယူရေနီယံများကို နိုင်ငံအတွင်း၌သာ ဆက်လက်ထားရှိရေး ပါဝင်ကြောင်း အာရက်ချီက ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်ကြား အဆိုပါကိစ္စရပ်နှင့်ပတ်သက်သည့် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ကြီးကြပ်မှုအောက်တွင် သန့်စင်မှုမြင့်မားသည့် ယူရေနီယံသိုလှောင်မှုများကို အဆင့်လျှော့ချခြင်း အပါအဝင်် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို တာဝန်ရှိသူများက ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
၂၀၂၅ ခုနှစ် ဇွန်လအတွင်း အစ္စရေးနှင့် အမေရိကန်တို့က အီရန်၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခဲ့ချိန်တွင် အီရန်၌ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀ ဒသမ ၉ ကီလိုဂရမ် ရှိခဲ့ကြောင်း IAEA က ခန့်မှန်းထားသော်လည်း ယင်းပမာဏထဲမှ မည်မျှ ကျန်ရှိနေသေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“နိုင်ငံတော်အကျိုးစီးပွားကို အခြေခံပြီး နိုင်ငံရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ့် နျူကလီးယားဆိုင်ရာ မျှတတဲ့ အဖြေတစ်ခုကို ရရှိနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အာရတ်ချီက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ အမေရိကန်သမ္မတ ထရန့်က “သူတို့က သဘောတူညီချက် လုပ်ချင်ကြပေမဲ့ ကျွန်တော် လက်ခံနိုင်လောက်တဲ့ သဘောတူညီချက်မျိုးကိုတော့ မလုပ်ချင်ကြဘူး” ဟု ပြောဆိုခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း အစ္စရေးနှင့် အမေရိကန် စစ်အခြေစိုက်စခန်းများ လက်ခံထားရှိရာ ပင်လယ်ကွေ့နိုင်ငံများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
မြေပြင်တွင် တင်ပြထားသည့် အဆိုပြုချက်များကြား အမြင်ချင်း နီးစပ်စေရန်နှင့် ကွာဟချက်များကို ကျဉ်းမြောင်းစေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများအဖြစ် ကာတာနှင့် အီရန် တာဝန်ရှိသူများ နိုဝင်ဘာ ၁၈ ရက်တွင် တွေ့ဆုံခဲ့ကြကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref: Reuters