
ဒေါ်နယ်ထရန့်အစိုးရက Nvidia နှင့် AMD တို့မှ ထုတ်လုပ်သည့် အဆင့်မြင့် AI ချစ်ပ် ၉ သိန်းနီးပါးကို တရုတ်ကုမ္ပဏီများထံ တင်ပို့ရောင်းချရန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် မေလအထိ ခွင့်ပြုခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ခွင့်ပြုချက်များအရ တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုခဲ့သည့် AI ဆီမီးကွန်ဒတ်တာချစ်ပ် စုစုပေါင်း ၈၇၉,၈၆၈ ခုရှိပြီး Nvidia ၏ တင်ပို့မှုကန့်သတ်ထားသည့် H200 ချစ်ပ်များနှင့် AMD ၏ အလားတူစွမ်းဆောင်ရည်ရှိသည့် ချစ်ပ်များ ပါဝင်သည်။
ယင်းတင်ပို့မှုများကို လိုင်စင်လျှောက်ထားမှု ၂၁ ခုမှတစ်ဆင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မေလ ၁၁ ရက်အထိ အချက်အလက်များအရ Alibaba ကုမ္ပဏီသို့ ချစ်ပ် ၇၅,၀၀၀၊ Tencent နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများသို့ ချစ်ပ် ၁၅၀,၀၀၀၊ Baidu သို့ ချစ်ပ် ၄၃,၀၀၀ နှင့် BYD သို့ ချစ်ပ် ၄,၀၀၀ တင်ပို့ရန် ခွင့်ပြုထားသည်။
Alibaba ၊ Tencent ၊ Baidu နှင့် BYD တို့သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်စာရင်းတွင် အမေရိကန်ပြည်ထောင်စုအတွင်း လုပ်ကိုင်နေသည့် တရုတ်စစ်ဘက်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများအဖြစ် သတ်မှတ်ဖော်ပြခံရသည့် ကုမ္ပဏီများဖြစ်သည်။
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင် ဂရီဂိုရီမိခ်က ထရန့်အစိုးရ၏ AI ချစ်ပ်တင်ပို့မှု ထိန်းချုပ်ရေးကို ဝေဖန်ခဲ့သည်။ အစိုးရ၏ကိုင်တွယ်ပုံကြောင့် အမေရိကန်၏ နိုင်ငံတော်လုံခြုံရေးနှင့် နည်းပညာဆိုင်ရာ အသာစီးနေရာကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ၎င်းက ပြောသည်။
စက်မှုနှင့် လုံခြုံရေးဗျူရိုကလည်း တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများကို ထိရောက်စွာ မကျင့်သုံးနိုင်ခဲ့ကြောင်း ၎င်းက ဝေဖန်နေပြီး အစိုးရ၏ မူဝါဒများကို လွှတ်တော်က တင်းကျပ်စွာ ကြီးကြပ်စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Nvidia ၏ ပြောရေးဆိုခွင့်ရှိသူက ချစ်ပ်တင်ပို့ခွင့် လိုင်စင်ခွင့်ပြုချက်များကို တင်းကျပ်သည့် စည်းကမ်းချက်များနှင့် ပမာဏကန့်သတ်ချက်များအောက်တွင်သာ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လိုင်စင်အချို့ ရရှိခဲ့သော်လည်း ယခု H200 ချစ်ပ်များကို တရုတ်သို့ တင်ပို့ခြင်း ရပ်ဆိုင်းထားကြောင်း ပြောသည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်တွင် တရုတ်နိုင်ငံက အဆိုပါ အဆင့်မြင့် AI ချစ်ပ်များကို အသုံးပြု၍ စစ်ဘက်ဆိုင်ရာစွမ်းရည်များ မြှင့်တင်လာမည်၊ AI နည်းပညာတွင် အမေရိကန်၏ဦးဆောင်မှုကို ထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်သို့ Nvidia ချစ်ပ်များ တင်ပို့မှုကို ကန့်သတ်ခဲ့သည်။
သို့သော် ထရန့်အစိုးရက ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် Nvidia ၏ H200 ချစ်ပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြန်ပေးခဲ့ပြီး ဘိုင်ဒင်အစိုးရလက်ထက်က ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကို ပြန်လည်ဖြေလျှော့ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံရေးလောကရှိ တရုတ်အပေါ် တင်းမာသည့် မူဝါဒလိုလားသူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
Ref: Reuters