သက်တံ့
၂၁. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကော့ (Kok) မြစ်နှင့် စိုင် (Sai) မြစ်တို့၏ အထက်ပိုင်းတွင် ဖြစ်ပေါ်နေသော အာဆင်းနစ် (Arsenic) ညစ်ညမ်းမှု ၏ ဇာစ်မြစ်ကို ခြေရာခံရန်နှင့် တားဆီးရန်အတွက် ထိုင်းနိုင်ငံသည် မြန်မာနှင့် တရုတ် ကိုယ်စားလှယ်များနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း The Nation သတင်းဌာန ဖော်ပြမှုအရ သိရသည်။
မြစ်အောက်ပိုင်းရှိ ရေအရင်းအမြစ်များနှင့် စိုက်ပျိုးမြေများကို ကာကွယ်ရန် အရေးပေါ်လုပ်ဆောင်ချက် ၆ ချက်ကို ရှင်းလင်းတင်ပြစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ဒုတိယဝန်ကြီးချုပ် ယော့ချနန် ဝေါင်ဆဝပ် (Yodchanan Wongsawat) က အဆိုပါသုံးနိုင်ငံဆွေးနွေးပွဲအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၂၄ ရက် ဆွေးနွေးပွဲသို့ တရုတ်နှင့် မြန်မာတို့ တက်ရောက်မည်
အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးလည်းဖြစ်သူ ယော့ချနန်၏ ပြောကြားချက်အရ မြန်မာနိုင်ငံ လုပ်ငန်းအဖွဲ့ အကြီးအကဲနှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည် နိုဝင်ဘာ ၂၄ ရက်တွင် ထိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိနေသည်။ ထို့နောက် ထိုင်း-မြန်မာ ရေအရည်အသွေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ဆက်လက်တွေ့ဆုံမည် ဖြစ်သည်။
ထိုတွေ့ဆုံမှုများမှ ညစ်ညမ်းစေသော အရာများ မြစ်အတွင်းသို့ မည်သည့်နေရာမှ ဝင်ရောက်လာသည်ကို ဖော်ထုတ်ရန်၊ ညစ်ညမ်းမှုပမာဏကို တိုင်းတာရန်နှင့် မူလအရင်းအမြစ်မှစ၍ မည်သို့တားဆီးမည်ကို သုံးနိုင်ငံ သဘောတူညီမှုရယူရန် ထိုင်းနိုင်ငံက လိုလားနေသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး၌ ယင်းကိစ္စကို တင်ပြဆွေးနွေးခဲ့စဉ်က မြန်မာအဆင့်မြင့်အရာရှိများထံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှုရရှိခဲ့ကြောင်း ယော့ချနန်က ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေးတွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှု ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
မြစ်ရေစစ်ဆေးခြင်း၊ ကျေးရွာသုံးရေနှင့် စိုက်ပျိုးမြေများအတွက် အချက် ၆ ချက်ပါ စီမံချက်ကို သဘောတူညီ
မြောက်ပိုင်းဒေသ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ထိုင်းကော်မတီသည် မြစ်ရေစစ်ဆေးခြင်း၊ ကျေးရွာသုံးရေနှင့် စိုက်ပျိုးမြေများအတွက် အချက် ၆ ချက်ပါ စီမံချက်ကို သဘောတူညီခဲ့သည်။ ဒေသခံများထံ ရေပေးဝေခြင်းနှင့် စိုက်ပျိုးမြေနမူနာများ ရယူခြင်းတို့ကို လက်ရှိတွင် လုပ်ဆောင်နေပြီဖြစ်ပြီး ညစ်ညမ်းနေသော အနည်အနှစ်များကို စစ်ထုတ်တားဆီးမည့် စမ်းသပ်မှုမှာ နောက်ထပ်လုပ်ဆောင်မည့် အဆင့်တစ်ခု ဖြစ်သည်။
အဆိုပါ အချက် ၆ ချက်ပါ စီမံချက်မှာ…
၁။ အာဆင်းနစ်၏ ဇာစ်မြစ်ကို ခြေရာခံခြင်း။ ညစ်ညမ်းမှု၏ မူလအရင်းအမြစ်နှင့် ချိတ်ဆက်ဖော်ထုတ်နိုင်မည့် ဓာတုလက္ခဏာရပ် (Chemical signature) ကို ရှာဖွေရန် သုတေသီများက အိုင်ဆိုတုပ် ခွဲခြမ်းစိတ်ဖြာနည်း (Isotope Analysis) ကို အသုံးပြုရန် စီစဉ်ထားသည်။ ညှိနှိုင်းဆွေးနွေးမှုများတွင် နှစ်ဖက်စလုံးက စစ်ဆေးမှုရလဒ်များကို အသုံးပြုနိုင်စေရန် မယ်ဖားလုံ (Mae Fah Luang) တက္ကသိုလ်နှင့် တရုတ်သိပ္ပံပညာရှင် မိတ်ဖက်များသည် တရုတ်နိုင်ငံ၏ စမ်းသပ်မှုစံနှုန်းများအတိုင်း တူညီစွာအသုံးပြုမည့် ဓာတ်ခွဲခန်းတစ်ခုတွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ယော့ချနန်က ပြောကြားသည်။
၂။ စပါးခင်းများသို့ မရောက်မီ အနည်အနှစ်များကို တားဆီးစစ်ထုတ်ခြင်း။ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် နရဲစွမ် (Naresuan) တက္ကသိုလ်တို့သည် စိုက်ပျိုးရေးသုံး ရေသွင်းပေါက်များတွင် ၎င်းတို့၏ “စိုင်ဆိုင်း” (Sai Sai) စနစ်ကို ရှေ့ပြေးစမ်းသပ်ရန် စီစဉ်ထားပြီး ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ မောင်းဒဲန် (Mueang Daeng) ကို စမ်းသပ်နေရာအဖြစ် သတ်မှတ်ထားသည်။ အဆိုပါစနစ်သည် အနည်အနှစ်များကို တားဆီးပေးခြင်း၊ အနည်ထိုင်စေခြင်း၊ စုပ်ထုတ်ခြင်းနှင့် ရေကို ညှစ်ထုတ်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ရေကို မူလနေရာသို့ ပြန်မလွှတ်မီ စစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိသော အခဲအနည်အနှစ်များကို ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၏ စံနှုန်းများနှင့်အညီ စွန့်ပစ်သွားမည် ဖြစ်သည်။
၃။ ကျေးရွာရေပေးဝေရေးစနစ်များတွင် ရေစစ်များ တပ်ဆင်ခြင်း။ အမျိုးသား နာနိုနည်းပညာစင်တာ၊ ဆင်ခရိုထရွန် အလင်းသုတေသနဌာန (Synchrotron Light Research Institute) နှင့် သိပ္ပံဝန်ဆောင်မှုဦးစီးဌာနတို့ ပူးပေါင်း၍ ချင်းရိုင်နှင့် ချင်းမိုင်ရှိ အန္တရာယ်ရှိနိုင်သော ရပ်ရွာဒေသများ (ချင်းမိုင်ရှိ ဖန် (Fang) နှင့် မယ်အိုင်း (Mae Ai) မြို့နယ်များ အပါအဝင်) တွင် ရေသန့်စင်စနစ်များ တပ်ဆင်ပေးလျက် ရှိသည်။
၄။ အရေးပေါ်အခြေအနေအတွက် အရန်ရေ သိုလှောင်ထားရှိခြင်း။ တော်ဝင်ဆည်မြောင်းဦးစီးဌာနသည် ရေလှောင်တမံ ၃ ခုတွင် ရေကုဗမီတာ ၂၂ ဒသမ ၅ သန်းကို အရန်အဖြစ် ဖယ်ရှားသိုလှောင်ထားသည်။ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဒေသခံများထံ သန့်ရှင်းသော ပိုက်ရေ လီတာ ၁၀၀,၀၀၀ ကျော် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း ယော့ချနန်က ပြောသည်။
၅။ သတ္တုကုန်သွယ်မှုအပေါ် ထိန်းချုပ်မှုများ တင်းကျပ်ခြင်း။ တရားမဝင် သတ္တုတူးဖော်မှုများကို ထောက်ပံ့ပေးသကဲ့သို့ ဖြစ်စေမည့် ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်သွယ်မှု ဟာကွက်များကို ပိတ်ဆို့ရန် ရည်ရွယ်၍ မည်သည့်သတ္တုများနှင့် မည်သည့်ပုံစံများကို သွင်းကုန်၊ ထုတ်ကုန် ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ကို သတ်မှတ်ဖော်ပြသည့် အမိန့်ကြော်ငြာစာတစ်စောင်ကို စက်မှုဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိသည်။
၆။ ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ စိုက်ပျိုးမြေများ၏ အန္တရာယ်ရှိမှု မြေပုံရေးဆွဲခြင်း။ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ၎င်း၏ Agri-Map စနစ်အတွက် မယ်အိုင်းမြို့နယ်နှင့် ချင်းရိုင်ပြည်နယ်တို့မှ စတင်ကာ သီးနှံ၊ မြေဆီလွှာနှင့် ရေနမူနာများကို စုဆောင်းလျက်ရှိသည်။ စမ်းသပ်မှုရလဒ်များအပေါ် မူတည်၍ အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်ဇုန်များ ခွဲခြားသတ်မှတ်ပေးမည်ဖြစ်ပြီး အစိမ်းရောင်ဇုန်ရှိ တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP) အသိအမှတ်ပြုလက်မှတ်ရရှိရန် ကူညီပေးမည်ဖြစ်သည်။ ထို့အပြင် တောင်သူများနှင့် ဒေသခံများအနေဖြင့် ရေအရည်အသွေး စစ်ဆေးမှုရလဒ်များနှင့် စိုက်ပျိုးမြေဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို စောင့်ကြည့်နိုင်မည့် အွန်လိုင်းပလက်ဖောင်းတစ်ခုကိုလည်း အစိုးရက စီစဉ်လျက်ရှိသည်ဟု သိရသည်။
သိပ္ပံနည်းကျ ပြန်လည်သုံးသပ်မှု ပြုလုပ်မည်
ထို့အပြင် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာကို ရာသီဥတုဆိုင်ရာ တရားမျှတမှု (Climate Justice) ကိစ္စရပ်တစ်ခုအဖြစ် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများထံ တင်ပြရန်အတွက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထိုင်းတရားရေးအင်စတီကျု (Thailand Institute of Justice) နှင့် တိုင်ပင်ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ယော့ချနန်က ပြောသည်။
နိုဝင်ဘာ ၂၂ ရက်တွင်မူ ယော့ချနန်သည် ရေလွှဲဆည်ငယ်များ (Weirs) နှင့် အနည်စစ်ကန်များ အသုံးပြုမှုကို အကဲဖြတ်ရန်နှင့် ယင်းတို့ မည်သို့လုပ်ဆောင်မည်ကို ဒေသခံများ၏ စိုးရိမ်ပူပန်မှုများအား ဖြေရှင်းပေးရန်အတွက် ထိုင်းနိုင်ငံတစ်ဝန်းမှ သုတေသီများကို ခေါ်ယူတွေ့ဆုံရန် စီစဉ်ထားသည်။ ထို့အပြင် ဒေသခံလူထု၏ အသံများကို နားထောင်ရန်နှင့် သတ်မှတ်ထားသော နေရာများကို စစ်ဆေးရန်အတွက် နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ချင်းရိုင်သို့ ထပ်မံသွားရောက်ရန်လည်း စီစဉ်ထားသည်။
Ref: The Nation



