
သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ငါးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်အထိ (နိုဝင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ) ငါးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို အရင်နှစ်တွေတုန်းက တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နဲ့ ၃ ရက်နေ့လောက်ပဲ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ ဒီနှစ်မှာတော့ ပွဲတော်ရက်ကို ငါးရက်ကျင်းပပြုလုပ်သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ အံခဲ၊ အနင်း၊ ကရုပ္ပိ အစရှိတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေက တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ အဖိတ်နေ့ညနေပိုင်းမှာ ဘုရားမှာ သွားဆင်းအိပ်ကြတယ်။ လပြည့်နေ့မနက်မှာတော့ ဘုရားကို အရုဏ်ဆွမ်းကပ် စတာတွေကို လုပ်ဆောင်ကြပါတယ်။ အဲဒီတော့ ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းတွင်လည်း ကမ်းခြေမှ ဘုရားသို့ စက်လှေများဖြင့် အသွား-အပြန် အခမဲ့ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဘုရားပွဲတော်ကာလအတွင်း ကမ်းခြေတွင်လည်း အစားအစာများ၊ အသီးအနှံများ စသည်ဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကျိုက်နဲရေလယ်ဘုရားသည် ဘုရားပွဲတော်ရက်တွင် ပေါ်လာတတ်သည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ကြောင့် မွန်ပြည်နယ်အတွင်းသာမက အနယ်နယ်အရပ်ရပ်အထိပါ နာမည်ကျော်ကြားလူသိများခဲ့ပြီး ဘုရားပွဲတော်များတွင် ဘုရားဖူးသောင်းဂဏန်းမျှ လာရောက်လေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ရေထဲမျောပါနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။