NP News

မြန်မာ့နိုင်ငံရေးရေချိန်သည် ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကျောချင်းကပ် တောင့်ခံထားနိုင်မှုအပေါ် မူတည်ဟုဆို

ပုလဲ (NP News) - နိုဝင်ဘာ ၂၂
မြန်မာ့နိုင်ငံရေးရေချိန်သည် ပြည်တွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ခိုင်မာစွာရပ် တည်နိုင်မှုအပေါ် မူတည်ကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ‌ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။
နိုဝင်ဘာလ (၂၀)ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတရုံး ဒုတိယ အကြိမ်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး နိုင်ငံ‌ရေးရေချိန် သည်လည်း ပြည်ပနိုင်ငံများအပေါ် အဓိကမူတည်ခြင်းမရှိဘဲ ပြည်သူများ၏စည်းလုံးမှု ပေါ်မူတည်ကြောင်း ပြောကြားခဲ့ သည်။
“နိုင်ငံ့နိုင်ငံရေးရေချိန်ဘယ်သူ့အပေါ်မှာ မူတည်မလဲ။ ဘယ်သူ့အပေါ်မှာမှ မမူတည်ပါဘူးရှင့်။ ကျွန်မတို့ နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ။ အဲဒီတော့ ကျွန်မတို့နိုင်ငံထဲက ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ် ကျွန်မတို့ နိုင်ငံရေးရေချိန်က။ ကျွန်မတို့စည်းလုံးရင် စည်းလုံးသလို ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးကိုပြုပြင်ပြောင်းလဲချင်တာ။ ဘာပဲ ဖြစ်ဖြစ်ပေါ့ ကျွန်မတို့ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ်ရှင့်” ဟု ဒေါက်တာခိုင်ခိုင်စိုးကပြောသည်။
လက်ရှိတွင် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ပြည်တွင်း အခြေအနေအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ခုနက International က effect ရှိသလားဆိုတော့ရှိပါတယ်။ ဒါလည်း အားလုံးသိမယ်ထင် ပါတယ်။ စီးပွားရေး အားကောင်းတဲ့နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေဆိုရင် ကျွန်မတို့အပေါ် effect ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးသည် ပြည် တွင်းမှာတော့ ကိုယ့်အိမ်သူအိမ်သားတွေ ရန်ဖြစ်ရင် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”ဟုပြောသည်။
သို့သော်လည်း ပြန်လည်သုံးသပ်မည်ဆိုပါက နိုင်ငံ၏ နိုင်ငံရေးရေချိန်သည် ပြည်သူများ၏ စည်း လုံးညီ ညွတ်မှုနှင့် ခိုင်မာစွာရပ်တည်နိုင်မှုအပေါ် အဓိကမူတည်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားထားသည်။ ဆက် လက်ပြီး ဒုတိယဝန်ကြီးက “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ နိုင်ငံရေးရေချိန်သည် ကိုယ့်ရဲ့စည်းလုံးညီ ညွတ်မှုနဲ့ကိုယ့်ပြည်သူပြည်သားတွေ ဘယ်လောက်ထိ ခိုင်ခိုင်မာမာ ကျောချင်းကပ်ပြီးတော့ တောင့်ခံနိုင် မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်ရှင့်။ ဒါကတော့ ခုနဘယ်သူ့အပေါ်ကိုမူတည်လဲဆိုတော့ အနည်းငယ် effect ရှိနိုင်တယ်။ သို့သော်လည်း ကျွန်မတို့ပြည်သူ ပြည်သားတွေအပေါ်မှာပဲမူတည်ပါတယ်”ဟုပြောသည်။

မူရင်းသတင်း — NP News