
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၂
ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ တရားမဝင် ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူ(၁၉၉)ဦးအား အရေးယူထားရှိပြီးဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေ သတ်မှတ်ချက်များအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ပြည်သူ့စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူအစားထိုးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ စောင့်ကြည့်ဆင့်ခေါ်ခြင်း ပြုလုပ်နေခြင်းအပေါ် အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီး ငွေကြေးရယူကာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်း ဝင်ရောက်စေခြင်း၊ အချို့ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ် ငွေကြေးကောက်ခံခြင်း၊ ရှောင်တိမ်းသူများအစား အခကြေးငွေပေး၍ လူစားထိုးထမ်းဆောင်စေခြင်းများ ပြုလုပ်ရန် တရားမဝင်ငွေကြေးကောက်ခံခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင် ငွေကြေးကောက်ခံခြင်းများသည် မသမာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ချိုးဖောက်ပြီး တရားမဝင် လုပ်ဆောင်နေမှုများသာဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အထူးအလေးထား စိစစ်ဖော်ထုတ်အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်(အောက်တိုဘာ ၃၁ ရက်)အထိ ငွေကြေးဆိုင်ရာ (၄၉) မှု၊ ကျူးလွန်သူ (၁ဝ၂) ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ (၂၂) မှု၊ ကျူလွန်သူ (၉၇) ဦး၊ စုစုပေါင်း(၇၁) မှု၊ ကျူးလွန်သူ(၁၉၉) ဦးတို့အား အရေးယူထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေးဆိုင်ရာ (၁၈၂)မှုတွင် အရေးယူပြီးစီးမှု (၉၁)မှု၊ စိစစ်ဆဲ(၅၆)မှု၊ မမှန်မကန်တိုင်ကြားမှု (၃၅)မှုနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ (၄၃)မှုတွင် အရေးယူပြီးစီးမှု (၁၇)မှု၊ စိစစ်ဆဲ (၁၄)မှု၊ မမှန်မကန် တိုင်ကြားမှု (၁၂)မှုရှိခဲ့ပြီး ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များမှ အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလုပ်ဆောင်စေရေး အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူအစားထိုး ဆင့်ခေါ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူခြင်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် သတင်းပေးတိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များအား သတင်းပေးတိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။