NP News

ပြင်သစ်ဆန္ဒပြသူများက သီတင်းခြောက်ပတ်မြောက် သီတင်းပတ်ကုန်တွင် လမ်းပေါ်ထွက်ဆန္ဒပြ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂

ပြင်သစ်နိုင်ငံတွင် ပြည်သူ့ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် တောင်းဆိုရန်နှင့် လူနေမှုစရိတ်မြင့်တက်လာမှုနှင့်မညီမျှမှုများအပေါ် ဒေါသထွက်မှုကို ထုတ်ဖော်ပြသရန်အတွက် သီတင်းခြောက်ပတ်ဆက်တိုက် ကြာသီတင်းပတ်ကုန် ချိန်တိုင်း ဆန္ဒပြပွဲများအဖြစ် စနေနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ပြင်သစ်နိုင်ငံရှိ မြို့များ၌ လူသောင်းပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ပိုမိုကောင်းမွန်သော သင်ကြားရေးအခြေအနေများ တောင်းဆိုသည့် အထက်တန်းကျောင်းသားများက စက်တင်ဘာလလယ်တွင် စတင်လှုံ့ဆော်ခဲ့သော အဆိုပါ ဆန္ဒပြလှုပ်ရှားမှုသည် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ မလုံလောက်သော ပြည်သူ့ဝန်ဆောင်မှုများနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် တစ်နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုအဖြစ် အရှိန်မြင့်လာခဲ့ပြီး ဥရောပတစ်ဝန်းသို့ပါ ပျံ့နှံ့သွားခဲ့သော်လည်း ပြင်သစ်နိုင်ငံတွင် ပါဝင်သူဦးရေမှာ လျော့နည်းလာခဲ့သည်။
​နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူ (၁၅၀,၀၀၀) ရှိကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပြီး ပြီးခဲ့သည့်အပတ်က (၂၀၀,၀၀၀) နှင့် အောက်တိုဘာ (၁၇) ရက်တွင် ပြုလုပ်ခဲ့သည့် ပထမဆုံး ဆန္ဒပြပွဲရှိ (၈၀၀,၀၀၀) တို့နှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားခြင်းဖြစ်သည်။

​ပြည်ထဲရေးဝန်ကြီးဌာနကမူ ပြီးခဲ့သည့် နိုဝင်ဘာ (၁၀၆,၀၀၀) ရှိခဲ့ရာမှ ယခုအခါ (၈၂,၅၀၀) ဦးအထိ ရှိကြောင်း ရေတွက်ခဲ့ပြီး အရေအတွက်မှာ "သိသိသာသာ ကျဆင်းသွားခဲ့သည်" ဟု ပြောကြားခဲ့သည်။
မြို့အရှေ့ဘက်သို့ ချီတက်ဆန္ဒပြမှုများ မပြုလုပ်မီ ဂီတပညာရှင်များ ဖျော်ဖြေခြင်း၊ စားသောက်ကုန် ထရပ်ကားများ၊ ဝတ်စုံများနှင့်ကိုယ်တိုင်ပြုလုပ်ထားသော ဆိုင်းဘုတ်များဖြင့် ပွဲတော်သဖွယ် စည်ကားသည့်အခြေအနေတစ်ရပ်အောက်တွင် ပဲရစ်မြို့လယ်ရှိ Place de la Republique ရင်ပြင်၌ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲများသည် သမ္မတအီမန်နျူရယ်မက်ခရွန်၏ အစိုးရကို လှုပ်ခါစေခဲ့ပြီးနောက် ရှစ်နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ကျင်းပနေသည့် ဝါကျားအင်္ကျီဝတ် လှုပ်ရှားမှု (Yellow Vest movement) နှင့် ကျောင်းသားအဖွဲ့အစည်းများ၏ အလံများနှင့် အင်္ကျီများသည် ကုန်သွယ်ရေးသမဂ္ဂများနှင့် လက်ဝဲယိမ်းပါတီများ၏ အလံနှင့် အင်္ကျီများနှင့်အတူ ရောနှောပါဝင်ခဲ့ကြသည်။လူမှုဖူလုံရေးနှင့် ပညာရေး အပါအဝင် ပြင်သစ်၏ ပြည်သူ့ဝန်ဆောင်မှုများ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာသည့် အထိမ်းအမှတ် အုတ်ဂူတုများကို ဆန္ဒပြအုပ်စုတစ်စုက စိုက်ထူထားခဲ့ကြောင်း သိရသည်။

"နိုင်ငံတော်တော်များများမှာ လူငယ်တွေဟာအလားတူ အခြေအနေမျိုးကိုပဲကြုံတွေ့နေကြရပါတယ်။ အဲဒါကတော့ လုံခြုံစိတ်ချရမှု မရှိတဲ့ ဘဝအခြေအနေပါပဲ။ ခေါင်းချစရာ အမိုးအကာ ရဖို့၊ ဆေးကုသမှု ခံယူဖို့နဲ့ ဗိုက်ဝအောင် စားနိုင်ဖို့အကြားမှာ ရွေးချယ်နေကြရတာ ဖြစ်ပါတယ်" ဟု ကျောင်းသားသမဂ္ဂ Unef ၏ အထွေထွေ အတွင်းရေးမှူး မာနွန် မော်ရက်က ပြောကြားခဲ့သည်။
နိုဝင်ဘာ (၂၀)ရက်တွင်လည်း နိုင်ငံအများအပြား၌ လူအုပ်စုများ စုဝေးဆန္ဒပြခဲ့ကြပြီး မြင့်မားသော လူနေမှုစရိတ်မှသည် စစ်ရေးအသုံးစရိတ်နှင့် ရာသီဥတုအကျပ်အတည်းအထိ ကိစ္စရပ်များအပေါ် ဒေါသထွက်မှုများကို ဖွင့်ဟခဲ့ကြကာ လူငယ်များ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုထားသည်ဟု ၎င်းတို့က စွပ်စွဲထားသည့် နိုင်ငံရေးခေါင်းဆောင်များအပေါ် ဖိအားများ တိုးမြှင့်ပေးခဲ့ကြသည်။

မူရင်းသတင်း — NP News