NP News

အကြမ်းဖက်အဖွဲ့များ ယာယီစိုမိုးခဲ့သည့် အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို တပ်မတော်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၂
အကြမ်းဖက်အဖွဲ့များ ယာယီစိုမိုးခဲ့သည့် အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်သော အင်းတော် - ဝန်းသို - ကောလင်း- ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း- စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ပြီးခဲ့သည့်(နိုဝင်ဘာ ၁၅ ရက်)က အဆိုပါလမ်းကြောင်း များပေါ်ရှိ သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အထိ အဆင့်ဆင့်ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းများပေါ်တွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ အား ချေမှုန်းတိုက်ခိုက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၁၆) ရက်က ကံကြီး (အရှေ့) ကျေးရွာနှင့် ကံကြီး (အနောက်) ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာလ (၁၇) ရက်၌ ချပ်သင်းကျေးရွာနှင့် ပုဏ္ဏားငယ်ကျေးရွာ၊ တောင်ပုံကျေးရွာနှင့် ဟင်းသော်ကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာလ (၁၈) ရက်တွင် လှည်းဘွဲ့ကျေးရွာနှင့် အုန်းခြောက်လုံးတဲစုကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာလ (၁၉) ရက်က ချပ်ကြီးကျေးရွာနှင့် ပန်းခုံသာကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ(၂၀)ရက်၌ ကျွန်းလှမြို့မှတစ်ဆင့် ကန့်ဘလူမြို့သို့ရောက်ရှိခဲ့ရာ အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာလမ်းကြောင်းအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လည်း အင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့် အဆိုပါ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အဆင့်ဆင့်ချေမှုန်းတိုက်ခိုက်၍ ပြန်လည်ထိန်းချုပ်မှု များရယူခဲ့ရာ အောက်တိုဘာလ (၅) ရက်မှ ယနေ့အထိ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် စုစုပေါင်း အကြိမ် (၅၀) ဖြစ်ပွားခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း (၂၅) လောင်း၊ လက်နက်မျိုးစုံ (၂၅) လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အခြားအသုံးအဆောင်ပစ္စည်းများ၊ အများပြည်သူအသုံးပြုသွားလာနေသည့် အဓိက ဆက်သွယ်ရေးလမ်းမကြီးများအပါအဝင် ကျေးရွာလမ်းများနှင့် အဆောက်အအုံများ အကြား၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ပီပါခွံဖြင့် ပြုလုပ်ထားသော မိုင်းများအပါအဝင် အရွယ်အစားအမျိုးမျိုးရှိသော လက်လုပ်မိုင်း (၂၃၆) လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူများ ထိခိုက်နစ်နာ၍ အကြောက်တရားလွှမ်းမိုးပြီး ဒေသတွင်း လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်ထားသည့် အများပြည်သူသွားလာလျက်ရှိသော အဓိကဆက်သွယ်ရေးလမ်းမကြီးများနှင့် ကျေးရွာချင်းဆက်လမ်းများ၌လည်းကောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များ အနီးဝန်းကျင်နှင့် ကျေးရွာလမ်းများ၌လည်းကောင်း မိုင်းမျိုးစုံအား အရွယ်အစားအမျိုးမျိုးဖြင့် ထောင်ထားခဲ့ရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းများအား ရှင်းလင်းခြင်းလုပ်ငန်းစဉ်များကို ကန့်သတ်ချက်များအကြားမှ အချိန်ယူ၍ စနစ်တကျရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာ အိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများ ကို ပြင်ဆင်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း စဉ်များကိုလည်း ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News