Yangon Media Group

ညဘက် အိပ်ရာမဝင်ခင် ပစ္စတာချီယိုစေ့ (Pistachios) လက်တစ်ဆုပ်စာလောက် စားပေးတာက တကယ်ပဲအိပ်ပျော်စေဖို့ အထောက်အကူဖြစ်နိုင်ပါသလား

#World_Health
Published 23 November 2026

■ မကြာသေးခင်က ထုတ်ဝေထားတဲ့ သုတေသနစာတမ်းတစ်ခုရဲ့ သုံးသပ်ချက်အရတော့ ပစ္စတာချီယိုစေ့မှာ အိပ်စက်မှုနဲ့ဆက်စပ်နေတဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် အိပ်စက်မှုကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

■ ဒါပေမဲ့ ပစ္စတာချီယိုစေ့စားရုံနဲ့ အိပ်ပျော်စေတယ်လို့ အတည်ပြုနိုင်တဲ့ အထောက်အထားတော့ မရှိသေးပါဘူး။

■ ပစ္စတာချီယိုစေ့မှာ အိပ်စက်မှုအတွက် အထောက်အကူဖြစ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တယ်။

■ Nutrition Research Reviews ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနသုံးသပ်ချက်မှာ ပစ္စတာချီယိုစေ့ထဲက အာဟာရဓာတ်တွေနဲ့ သဘာဝအပင်ဒြပ်ပေါင်းတွေက အိပ်စက်မှုအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကို လေ့လာထားပါတယ်။

■ အထူးသဖြင့် အောက်ပါအာဟာရဓာတ်တွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေအဖြစ် ဖော်ပြထားပါတယ်။

■ ၁။ Tryptophan
ပစ္စတာချီယိုစေ့ တစ်အောင်စ (၂၈ ဂရမ်ခန့်) မှာ Tryptophan ၇၁ မီလီဂရမ်လောက် ပါဝင်ပါတယ်။

■ ဒီဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး Serotonin နဲ့ Melatonin ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။

■ အဲဒီထဲက Melatonin ကတော့ ခန္ဓာကိုယ်ရဲ့ အိပ်ချိန်၊ နိုးချိန်စက်ဝန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။

■ ၂။ Vitamin B6
Vitamin B6 က အမိုင်နိုအက်ဆစ်တွေကို ခန္ဓာကိုယ်က အသုံးချနိုင်ဖို့ ကူညီပေးသလို ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း ပါဝင်ပါတယ်။

■ ဒါ့အပြင် Melatonin ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းစဉ်တွေမှာလည်းအရေးပါပါတယ်။

■ ၃။ Magnesium
ပစ္စတာချီယိုစေ့ တစ်အောင်စမှာ Magnesium ၃၁ မီလီဂရမ်ခန့် ပါဝင်ပါတယ်။

■ Magnesium က အာရုံကြောစနစ် ပုံမှန်အလုပ်လုပ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။
အိပ်စက်မှုနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

■ ၄။ Phytomelatonin
ပစ္စတာချီယိုစေ့မှာ အပင်ကနေ သဘာဝအတိုင်းရရှိတဲ့ Melatonin လည်း ပါဝင်ပါတယ်။

■ ဒါပေမဲ့ ဒီဓာတ်ကို လူ့ခန္ဓာကိုယ်က ဘယ်လောက်စုပ်ယူနိုင်သလဲ၊ အိပ်စက်မှုအပေါ် ဘယ်လောက်အကျိုးသက်ရောက်နိုင်သလဲဆိုတာတော့ သေချာမသိရသေးပါဘူး။

■ ၅။ Fiber နဲ့ Polyphenols
ဒီဓာတ်တွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေနဲ့ အူလမ်းကြောင်း၊ ဦးနှောက်ကြား ဆက်သွယ်မှုစနစ် (Gut-Brain Axis) ကို သက်ရောက်စေနိုင်ပါတယ်။

■ အဲဒီကတစ်ဆင့် အိပ်စက်မှုကို ထိန်းညှိတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်နိုင်တယ်လို့ ယူဆထားကြပါတယ်။

■ ဒါဆို ညအိပ်ရာမဝင်ခင် ပစ္စတာချီယိုစေ့ စားသင့်လား။

■ လက်ရှိအချိန်မှာတော့ ပစ္စတာချီယိုစေ့ကို အိပ်မပျော်တဲ့သူတွေအတွက် ဆေးဝါးတစ်မျိုးလို သတ်မှတ်လို့ မရသေးပါဘူး။

■ အကြောင်းရင်းက ဒီသုတေသနအများစုဟာ အာဟာရဓာတ်တစ်မျိုးချင်းစီ၊ အခြားအစားအစာတွေ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ ဇီဝဖြစ်စဉ်တွေကို အခြေခံထားတာဖြစ်ပြီး ပစ္စတာချီယိုစေ့ကို တကယ်စားသုံးစေပြီး အိပ်စက်မှုအပေါ် သက်ရောက်မှုကို စမ်းသပ်ထားတဲ့ လူသားဆိုင်ရာ သုတေသနတွေက နည်းပါးနေသေးလို့ပါ။

■ ဒါ့အပြင် ပစ္စတာချီယိုစေ့ထဲမှာ ပါဝင်တဲ့ Melatonin ပမာဏဟာလည်း အမျိုးအစားနဲ့ အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

■ သုတေသနမှာ American Pistachio Growers အဖွဲ့ရဲ့ ထောက်ပံ့မှုလည်း ပါဝင်ခဲ့တာကြောင့် လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ လွတ်လပ်သော သုတေသနတွေနဲ့ ထပ်မံအတည်ပြုဖို့လည်း လိုအပ်ပါတယ်။

■ သုတေသီတွေကတော့ ပစ္စတာချီယိုစေ့စားသုံးခြင်းဟာ အိပ်စက်မှုအရည်အသွေး၊ အိပ်ချိန်ကြာမြင့်မှုနဲ့ Melatonin ပမာဏတို့အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို လူအများအပြားပါဝင်တဲ့ စမ်းသပ်လေ့လာမှုတွေနဲ့ ဆက်လက်စစ်ဆေးဖို့ အကြံပြုထားပါတယ်။

■ အိပ်ရေးဝဖို့ မဟုတ်ရင်တောင် ပစ္စတာချီယိုစေ့က ကျန်းမာရေးအတွက် ကောင်းတဲ့ သရေစာပါ
အိပ်ပျော်စေတယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ပစ္စတာချီယိုစေ့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။

■ အာဟာရပညာရှင် Michelle Routhenstein ကတော့ တစ်ကြိမ်စားသုံးဖို့အတွက် အခွံမပါ ပစ္စတာချီယိုစေ့ တစ်အောင်စ (၂၈ ဂရမ်ခန့်)၊ လက်တစ်ဆုပ်စာလောက်ဆိုရင် သင့်တော်တဲ့ ပမာဏဖြစ်တယ်လို့ အကြံပြုထားပါတယ်။

■ နေ့ခင်းဘက်မှာဖြစ်ဖြစ်၊ ညနေဘက်မှာ ဗိုက်ဆာတဲ့အခါ အပေါ့စားသရေစာအဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

■ ပစ္စတာချီယိုစေ့မှာ အိပ်စက်မှုနဲ့ ဆက်စပ်နေတဲ့ Melatonin၊ Tryptophan၊ Vitamin B6၊ Magnesium နဲ့ Polyphenols စတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အိပ်စက်မှုကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။

■ ဒါပေမဲ့ ပစ္စတာချီယိုစေ့စားရုံနဲ့ အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းနိုင်တယ်လို့တော့ မဆိုနိုင်သေးပါဘူး။

■ အိပ်ရေးဝဖို့ဆိုတာ အစားအသောက်တစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ ဘယ်အချိန်စားသလဲ၊ နေ့စဉ်နေထိုင်မှုပုံစံ ဘယ်လိုရှိသလဲ၊ ခန္ဓာကိုယ်မှာ အာဟာရဓာတ်ချို့တဲ့မှု ရှိ၊ မရှိနဲ့ အခြားကျန်းမာရေးအခြေအနေတွေပါ သက်ဆိုင်နေပါတယ်။

■ ဒါကြောင့် အာဟာရပြည့်ဝမျှတတဲ့ အစားအသောက်ကို စားသုံးတာ၊ အိပ်ချိန်မှန်အောင် နေထိုင်တာနဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်တာက ပိုအရေးကြီးပါတယ်။

Source-Healthline

မူရင်းသတင်း — Yangon Media Group