Myanmar Digital News

မြန်မာ့ထောပတ်သီးဈေးကွက် ပွင့်လန်းပါက တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်‌‌ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိနိုင်

တောင်ကြီး နိုဝင်ဘာ ၂၂

 

မြန်မာနိုင်ငံတွင် ထောပတ်သီး အဓိကစိုက်ပျိုးထုတ်လုပ်ရာဒေသ ခြောက်ခုရှိပြီး မြန်မာ့ထောပတ်သီးဈေးကွက် ပွင့်လန်းပါက တစ်နှစ်လျှင် အနည်းဆုံးအမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိနိုင်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

“မြန်မာ့ထောပတ်သီးက ပြည်ပမျိုးနဲ့ ပြည်တွင်းမျိုးဆိုပြီး နှစ်မျိုးရှိတယ်။ ဒေသမျိုးဆိုရင် အမရာအသီးကို ကြိုက်ကြပြီး ပြည်ပမျိုးဆိုရင် ဟတ်စ်အသီးကို နှစ်ခြိုက်ကြတယ်။ အဓိကဈေးကွက်ရဖို့လိုတာပါ။ တရုတ်နိုင်ငံက ရှမ်းပြည်နယ်က ခြံတွေနဲ့စက်ရုံတွေကို လာကြည့်ပြီးပါပြီ။ ဒုတိယပိုင်းစာချုပ်မူကြမ်း လက်မှတ်ရေးထိုးတဲ့အပိုင်းလည်း ပြီးသွားပါပြီ။ နောက်ဆုံးအဆင့်ပဲ ကျန်ပါတော့တယ်။ ထိုင်းကိုလည်း တရားဝင်တင်ပို့နိုင်ဖို့ ကြိုးစားနေသလို အိန္ဒိယနိုင်ငံကလည်း မြန်မာထောပတ်သီးကို ကြိုက်နှစ်သက်တဲ့အတွက် တင်ပို့ခွင့်ရပြီဆိုရင် မြန်မာ့ထောပတ်သီး တင်ပို့မှုကနေ နိုင်ငံခြားငွေရရှိလာမှာပါ။ ဈေးကွက်ပွင့်သွားပြီဆိုတာနဲ့ ထောပတ်သီးတင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်‌ဒေါ်လာသန်း ၁၀၀ အထက်ရရှိနိုင်ပါတယ်” ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။

 

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ‌ဒေသမျိုးထောပတ်သီးကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်သို့ စတင်တင်ပို့ခဲ့ပြီး ဈေးကွက်ဝင်တင်ပို့နိုင်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ မျိုးစိတ်များဖြစ်သည့် ဟတ်စ်ထောပတ်သီးမျိုးစိတ်အပါအဝင် စူတာနိုး၊ ရိစ်၊ လန်းဟတ်စ်၊ ဘေကွန် စသည့်ထောပတ်သီးမျိုးစိတ် ငါးမျိုးကို တရားဝင်တင်သွင်းခဲ့သည်။

 

ရှမ်းပြည်နယ်တွင် ဈေးကွက်ဝင်ဖြစ်သည့် ဟတ်စ်နှင့် ဘွတ်စ်ဆဲလ်ဗင်းကို အဓိကစိုက်ပျိုးလာပြီး ထောပတ်သီးရာသီထက် ကြိုတင်ထွက်လေ့ရှိသည့် ကျန်ပြည်ပမျိုးစိတ်လေးမျိုးကိုလည်း စိုက်ပျိုးမှုရှိသည်။

 

ပြည်ပဈေးကွက်သို့ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်ပို့နေသည့် ထောပတ်သီးများသည် အောက်တိုဘာလတွင် ရာသီကုန်ချိန်ရောက်ရှိပြီး မြန်မာ့ထောပတ်သီးများက နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ထွက်ရှိကာ အရည်အသွေးကောင်းမွန်မှုကြောင့် ဈေးကွက်ရရှိလာသည်။

 

ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ အအေးခန်းစက်ရုံများ၊ ထုပ်ပိုးစက်ရုံများ အပါအဝင် စက်ရုံပိုင်းဆိုင်ရာ လိုအပ်လျက်ရှိရာ လုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရေတိုအကျိုးအမြတ်ထက် နိုင်ငံစီးပွားနှင့်တောင်သူအကျိုးစီးပွားကို အထောက်အကူဖြစ်စေမည့် စက်ရုံပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ပါဝင်ဆောင်ရွက်မှုဖြင့် အသီးအနှံတင်ပို့မှုမှ ရေရှည်နိုင်ငံခြားဝင်ငွေရရှိမှု ခိုင်မာစေမည်ဖြစ်ကြောင်း ထောပတ်သီးစိုက်ပျိုးတောင်သူများက အကြံပြုကြသည်။

 

၂၀၂၆ ထောပတ်သီးပွဲတော်ကို တောင်ကြီးမြို့ ကုန်သွယ်မှုမြှင့်တင်‌ရေးဦးစီးဌာန၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ငါးရက်တာ ကျင်းပလျက်ရှိပြီး ပွဲတော်တွင် ထောပတ်သီးကိုဖျော်ရည်အဖြစ် သောက်သုံးမှုအပြင် ထောပတ်သီးသုပ်၊ ငါးပိရည်အတို့၊ ထောပတ်သီးပလာတာ၊ အစပ်သုပ်၊ အဆိမ့်သုပ်အပါအဝင် အခြားနည်းလမ်းများဖြင့် အရောင်းမြှင့်တင်ပြသလျက်ရှိကြောင်း သိရသည်။

 

သစ္စာ(MNA)၊

ဓာတ်ပုံ - ဇွဲမာန်

မူရင်းသတင်း — Myanmar Digital News