မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် (Call Center) ဂိုဏ်းတစ်ခုက အသုံးပြုနေပြီး ငွေကြေးလွှဲပြောင်းမှု ဘတ်သန်း ၃၅၀ ကျော်ရှိသည့် တစ်ဆင့်ခံ ဘဏ်အကောင့် (Mule bank account) ကွန်ရက်များနှင့် ဆက်နွှယ်နေသည်ဟု သံသယရှိရသော ဖက်ချာဘူရီပြည်နယ်ရှိ ငွေလဲလှယ်ရေးကုမ္ပဏီတစ်ခုကို ဆိုက်ဘာရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်ဟု Khaosod English က ယနေ့ဖော်ပြသည်။
ရဲဒုတိယဗိုလ်ချုပ်ကြီး တင်နာကွန် ရန်မတ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖက်ချာဘူရီခရိုင်တရားရုံးမှ ထုတ်ပေးသည့် ရှာဖွေခွင့်ဝရမ်းဖြင့် ဖက်ချာဘူရီပြည်နယ်၊ ခေါင်ယွိုင် (Khao Yoi) မြို့နယ်၊ ဆာဖန် (Sa Phang) ကျေးရွာအုပ်စုရှိ နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ငွေသားအပ်နှံမှုလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဝင်များသည် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ ဘဏ်စာအုပ်များ၊ ငွေထုတ်ယူမှုမှတ်တမ်းများနှင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စီးပွားရေးစာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။ စုံစမ်းစစ်ဆေးမှုအရ လည်ပတ်ငွေ ဘတ်သန်း ၃၅၀ ကျော်ရှိပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖြစ် လုပ်ကိုင်နေသည်ဟု သံသယရှိရသော တစ်ဆင့်ခံ ဘဏ်အကောင့်ကွန်ရက်ကြီးတစ်ခုနှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
လိမ်လည်မှု ကျူးလွန်ပုံ
နွန်သာဘူရီ (Nonthaburi) ပြည်နယ်မှ နစ်နာသူတစ်ဦး အွန်လိုင်းစတိုးတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် လိမ်လည်ခံရပြီးနောက် စက်တင်ဘာလလယ်တွင် စတင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုမှတစ်ဆင့် ယခုအမှုကို ခြေရာခံမိခဲ့ခြင်းဖြစ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး တင်နာကွန်က ပြောကြားခဲ့သည်။
နစ်နာသူသည် “Mobilephone” အမည်ရှိ Facebook စာမျက်နှာတစ်ခုပေါ်မှ iPad အရောင်းကြော်ငြာတစ်ခုကို စတင်တွေ့ရှိခဲ့ပြီးနောက် အွန်လိုင်းဆိုင်တစ်ခု ဖွင့်လှစ်ရန်အတွက် LINE အက်ပလီကေးရှင်းမှတစ်ဆင့် ဆက်လက်လုပ်ဆောင်ရန် သွေးဆောင်ခံခဲ့ရသည်။
လိမ်လည်သူများက အမြတ်အစွန်း များစွာရရှိမည်ဟု ကတိပေးခဲ့သော်လည်း ကုန်ပစ္စည်းများအတွက် ငွေကြိုတင်ပေးချေရန် တောင်းဆိုခဲ့သည်။ နစ်နာသူက ငွေလွှဲပေးပြီးနောက်တွင်မူ စနစ် (System) လော့ခ်ကျသွားပြီဟု အကြောင်းပြကာ အကောင့်ပြန်ဖွင့်ရန်နှင့် ငွေပြန်ထုတ်နိုင်ရန်အတွက် လက်ကျန်ငွေပမာဏ၏ ၈၀ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကြေးကို ထပ်မံပေးသွင်းရန် တောင်းဆိုခဲ့သည်။
နစ်နာသူသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ ၁၀ ရက်အတွင်း ငွေလွှဲမှု ၁၁ ကြိမ် ထပ်မံပြုလုပ်ရန် သွေးဆောင်ခံခဲ့ရပြီး စုစုပေါင်း ဘတ်ငွေ ၂,၃၃၅,၅၀၀.၃၃ ဆုံးရှုံးခဲ့သည်။ ထို့နောက် နစ်နာသူက လိမ်လည်သူများကို ဥပဒေအရ အရေးယူပေးရန် ဆိုက်ဘာရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များ
ရဲတပ်ဖွဲ့ဝင်များသည် အမှုကို စုံစမ်းစစ်ဆေးပြီး ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံလိုက်ရာ စနစ်တကျ ဖွဲ့စည်းထားသော လုပ်ငန်းစဉ်တစ်ခုအတွင်း မတူညီသည့် အခန်းကဏ္ဍများမှ ပါဝင်လုပ်ဆောင်နေသည့် သံသယရှိသူ အများအပြားပါဝင်သော ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့၏ လုပ်ငန်းတာဝန်များတွင် နစ်နာသူများ လွှဲပေးသည့်ငွေကို လက်ခံရန် တစ်ဆင့်ခံ ဘဏ်အကောင့်များ ဖွင့်လှစ်ခြင်း၊ ငွေသားထုတ်ယူခြင်း၊ ငွေကြေးများကို အခြားပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရန် ရွှေဝယ်ယူခြင်းနှင့် ကွန်ရက်၏ ကြိုးကိုင်သူ (Masterminds) များထံ ငွေမလွှဲပြောင်းမီ သတ်မှတ်ထားသော အကောင့်များထဲသို့ ငွေသားပြန်လည်အပ်နှံခြင်းတို့ ပါဝင်သည်။ အဆိုပါ လုပ်ဆောင်ချက်များမှာ ငွေကြေးစီးဆင်းမှု လမ်းကြောင်းကို ဖုံးကွယ်ရန်နှင့် ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန် ရည်ရွယ်လုပ်ဆောင်ထားပုံရသည်။
ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းခဲ့ပြီး ကွန်ရက်နှင့် ဆက်နွှယ်နေသည့် သံသယရှိသူ ၁၁ ဦးအတွက် နွန်သာဘူရီခရိုင်တရားရုံးမှ ဖမ်းဝရမ်းများ ရယူခဲ့သည်။ စွဲချက်များတွင် အများပြည်သူကို လိမ်လည်ရန် ပူးပေါင်းကြံစည်မှု၊ ကွန်ပျူတာစနစ်အတွင်းသို့ မှားယွင်းသော အချက်အလက်များ ထည့်သွင်းမှုနှင့် ငွေကြေးခဝါချမှုတို့ ပါဝင်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် နေရာအများအပြားရှိ သံသယရှိသူများကို ခြေရာခံဖမ်းဆီးရန် စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည်။

အာဏာပိုင်များသည် နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ခဲ့ပြီး နောက်ထပ်ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံခဲ့ရာ လည်ပတ်ငွေ ဘတ်သန်း ၃၅၀ ကျော်ရှိသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများသည် အခြားကုမ္ပဏီများစွာ၏ ဘဏ်အကောင့်များသို့ မလွှဲပြောင်းမီ နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ငွေသားအပ်နှံမှုလုပ်ငန်း လုပ်ကိုင်နေသော အဆိုပါကုမ္ပဏီနှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့သည်။
ဝင်ရောက်ရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ကုမ္ပဏီအတွင်း အလုပ်လုပ်ကိုင်နေပြီး ငွေလဲလှယ်ရေးနှင့် ငွေသွင်းငွေထုတ်စနစ်များကို စီမံခန့်ခွဲနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး ကွန်ရက်နှင့် ဆက်စပ်သည့် သက်သေအထောက်အထားများကို သိမ်းဆည်းခဲ့သည့်အပြင် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေနိုင်သည့် အခြားသူများကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဖမ်းဆီးရမိမှုနှင့် သံသယရှိသူများ၏ တည်နေရာများ
စုံစမ်းစစ်ဆေးသူများသည် ကွန်ရက်အဖွဲ့ဝင် နောက်ထပ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲဒုဗိုလ်ချုပ်ကြီး တင်နာကွန်က ဖြည့်စွက်ပြောကြားခဲ့သည်။ ပထမတစ်ဦးမှာ နွန်ထဘူရီပြည်နယ်မှ အသက် ၃၇ နှစ်အရွယ် မွန်ကွန် (Mongkol) ဖြစ်ပြီး ငွေထုတ်ယူခြင်းနှင့် အခြားအကောင့်များသို့ ငွေပြန်သွင်းခြင်းတို့ကို တာဝန်ယူလုပ်ဆောင်သူဖြစ်ကာ ၎င်းထံမှ မိုဘိုင်းဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့သည်။ ဒုတိယသံသယရှိသူမှာ အသက် ၃၈ နှစ်အရွယ် ဆွမ်ဖော့ (Somphop) ဖြစ်ပြီး တူညီသည့် တာဝန်ကို လုပ်ဆောင်သူဖြစ်ကာ ၎င်းထံမှ မိုဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့သည်။
သံသယရှိသူ နှစ်ဦးစလုံးကို ဘန်ကောက်မြို့၊ တာလင်းချန် (Taling Chan) နယ်မြေတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယခင်ကလည်း တစ်ဆင့်ခံ ဘဏ်အကောင့်ကွန်ရက် အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးထားပြီးဖြစ်ရာ စုစုပေါင်း ၅ ဦးအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် အခြားသီးခြားအမှုများနှင့် ဆက်နွှယ်၍ နောက်ထပ်သံသယရှိသူ ၂ ဦးကိုလည်း ဖမ်းဆီးထားပြီး ကျန်ရှိနေသည့် သံသယရှိသူ ၄ ဦးကိုမူ ဆက်လက်ခြေရာခံ လိုက်လံဖမ်းဆီးလျက်ရှိသည်။
ကနဦးအနေဖြင့် သံသယရှိသူ နှစ်ဦးစလုံးကို အယောင်ဆောင်၍ အများပြည်သူအား ပူးပေါင်းလိမ်လည်မှု၊ ငွေကြေးခဝါချမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာစနစ်အတွင်းသို့ မှားယွင်းသော အချက်အလက်များ ထည့်သွင်းမှုနှင့် အခြားသူများ၏ အီလက်ထရွန်နစ်ကတ်များကို တရားမဝင် အသုံးပြုမှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
Ref: Khaosod English