NP News

ရန်ကင်း Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ (၁၆) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သုတကျော် (NP News) - နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ (၁၆) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများကို ထိရောက် ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City အိမ်ရာ၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၆ ဦးကို အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ နိုဝင်ဘာ (၂၂) ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူပေါင်းအဖွဲ့က စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက် ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ရန်ကင်းလမ်း၊ Golden City အိမ်ရာရှိ တိုက် (၃)၊ ၁၆ လွှာ၊ အခန်းအမှတ် (၁၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် Laptop ၁ လုံး၊ Printer ၁ လုံး၊ Tablet ၁ လုံး၊ ဖုန်းမျိုးစုံ ၁၄ လုံး၊ Wifi စက် ၁ လုံး၊ ငွေကျပ် ၁၀ သိန်းတို့နှင့်အတူ လည်းကောင်း၊ ည ၁၁ နာရီ ခန့်တွင် တိုက် (၁)၊ ၃၂ လွှာရှိ အခန်းအမှတ် (၃၂၀၁) အတွင်းမှ အွန်လိုင်းလိမ်လည် လောင်ကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို Laptop ၁၃ လုံး၊ Tablet ၂ လုံး၊ Wifi စက် ၂ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ CCTV စက် ၁ လုံးတို့ နှင့်အတူ လည်းကောင်း၊ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တိုက် (၄)၊ (၆)လွှာရှိ အခန်းအမှတ် (၀၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည် လောင်ကစားမှုကျူးလွန်လုပ်ကိုင်နေသည့် အမျိုးသမီး ၃ ဦး ကို Laptop ၁ လုံး၊ ဖုန်းမျိုးစုံ ၅ လုံးတို့နှင့်အတူ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်ဆီးရမိသူများအား ကနဦးစိစစ်မေးမြန်းချက်များအရ အဆိုပါအခန်းများကို တိုက် (၅)၊ အခန်းအမှတ် (၂၇၀၂) တွင် နေထိုင်သည့် တရုတ်နိုင်ငံသား Mr. Jiang Hong Feng (ခ) ကျန်းဟုန်ဖန်းက ငှားရမ်းပေးထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်ရာတွင် ပစ်မှတ်များကို Customer Service အဖြစ် ဆောင်ရွက်ပေးရကြောင်း နှင့် သိမ်းဆည်းရမိ Laptop နှင့် ဖုန်းများအတွင်း၌ Zaw Play.Com (Myanmar OnlineCasino Slots & Sports Betting) အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြုလုပ်နေခြင်းကို ကနဦးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူ ၁၆ ဦးအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — NP News