
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ ၃၂၃ ဦးကို လက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာနေရာ၌ အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေရှိ ယာယီအလုပ်ရုံမိုးကာတဲ ၅ လုံးနှင့် ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေရှိ ယာယီစားချက်ဆောင် ၁ လုံးနှင့် ယာယီစတိုဆောင် ၁ လုံးတို့ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၀၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၃၂၃ ဦးတို့ကို BERETTA-22 ပစ္စတို (ကျည်အိမ်အပါ) ၁ လက်၊ CZ 9mm ပစ္စတို (ကျည်အိမ်အပါ) ၁ လက်၊ SMITH - 22 အရှည် သေနတ် ၁ လက်၊ AK 47 သေနတ် ၂ လက်နှင့် ၎င်းကျည်အိမ် ၄ ခု၊ ပွိုင့် ၂၂ ကျည် ၆ တောင့်၊ Power Station အကြီး ၁၅ လုံးနှင့် အသေး ၂ လုံး၊ Solar Station အလတ် ၆ လုံး၊ Laptop ၅၄ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ All in One ကွန်ပျူတာ ၅ လုံး၊ Starlink ဗန်း ၃၃ ခု၊ Router ၃၀ ခု၊ Air Cooler (အလတ်) ၈ လုံး၊ Tiger (4x4 wheel) အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Freezer အကြီး ၃ လုံးနှင့် အသေး ၃ လုံး၊ ထမင်းပေါင်းစက် (၂) ခန်းတွဲ ၁ ခု၊ ထမင်းပေါင်းစက် (၁) ခန်းတွဲ ၁ ခု၊ ဂတ်စ်မီးဖို (အကြီး) ၁ ခု၊ မီးစက် (အကြီး) ၁ လုံး၊ အင်တာနက်လိုင်းအားမြှင့် စက် ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ဆေးရာ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီးတွင်နေထိုင်၍ ကျပန်းလုပ်ကိုင်ကြသူများဖြစ်ကာ Tiktok၊ Telegram၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့်ချိတ်ဆက်၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း၊ ယခု အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပြီး We Chat၊ MO MO ၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့် တရုတ်နိုင်ငံရှိငွေကြေးကြွယ်ဝချမ်းသာသူများအား အဓိကပစ်မှတ်ထားရှာဖွေရကြောင်း၊ ၎င်းနောက် ခင်မင်ရင်းနှီးမှုတည်ဆောက်ကာ အကျိုးတူစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လာစေရေးစည်းရုံးခြင်းများပြုလုပ်၍ ပစ်မှတ်များက အရင်းအနှီးများ ထည့်ဝင်လာသောအခါ အဆက်အသွယ်ဖြတ်တောက်ခြင်းများ ပြုလုပ်ရကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။