Eleven Media Group

ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ ၁၆ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ ၁၆ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ရန်ကင်းလမ်း၊ Golden City အိမ်ရာရှိ တိုက် (၃)၊ ၁၆ လွှာ၊ အခန်းအမှတ် (၁၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် Laptop ၁ လုံး၊ Printer ၁ လုံး၊ Tablet ၁ လုံး၊ ဖုန်းမျိုးစုံ ၁၄ လုံး၊ Wifi စက် ၁ လုံး၊ ငွေကျပ် ၁၀ သိန်းတို့နှင့်အတူလည်းကောင်း၊ ည ၁၁ နာရီခန့်တွင် တိုက် (၁)၊ ၃၂ လွှာရှိ အခန်းအမှတ် (၃၂၀၁) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို Laptop ၁၃ လုံး၊ Tablet ၂ လုံး၊ Wifi စက် ၂ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ CCTV စက် ၁ လုံးတို့နှင့်အတူလည်းကောင်း၊ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တိုက် (၄)၊ (၆) လွှာရှိ အခန်းအမှတ် (၀၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် အမျိုးသမီး ၃ ဦးကို Laptop ၁ လုံး၊ ဖုန်းမျိုးစုံ ၅ လုံးတို့နှင့်အတူလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ကနဦးစိစစ်မေးမြန်းချက်များအရ အဆိုပါအခန်းများကို တိုက် (၅)၊ အခန်းအမှတ် (၂၇၀၂) တွင် နေထိုင်သည့် တရုတ်နိုင်ငံသား Mr. Jiang Hong Feng (ခ) ကျန်းဟုန်ဖန်းက ငှားရမ်းပေးထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် ပစ်မှတ်များကို Customer Service အဖြစ် ဆောင်ရွက်ပေးရကြောင်းနှင့် သိမ်းဆည်းရမိ Laptop နှင့် ဖုန်းများအတွင်း၌ Zaw Play.Com (Myanmar Online Casino Slots & Sports Betting) အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြုလုပ်နေခြင်းကို ကနဦးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူ ၁၆ ဦးအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group