
တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသွားယာဉ်များ များပြားမှုကြောင့် အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ ယာဉ်ပိတ်ဆို့မှု နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော်အချိန် ရုံးပိတ်/ကျောင်းပိတ်ရက်များ စတင်သော နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအသုံးပြုသော ခရီးသွားယာဉ်များ အလွန်များပြားမှုကြောင့် ရန်ကုန် အမှတ် (၃) လမ်းဆုံ တိုးဂိတ်တွင် တန်းစီယာဉ်တန်းရှည်လျားမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရဥည်။
မိုင်တိုင် အမှတ် ၀/၇ ရန်ကုန်တိုးဂိတ်တွင် မနက် ၅ နာရီခွဲမှစတင်၍ ယာဉ်အဝင်စတင်များပြားခဲ့ရာ ရန်ကုန်-နေပြည်တော် အသွားလမ်းဖက်ခြမ်း Lane အားလုံးအပြင် ညာအစွန်ရှိ အရေးပေါ် ဝင်/ထွက်လမ်းကိုပါဖွင့်လှစ်၍ ယာဉ်များ အမြန်ဖြတ်သန်းနိုင်စေရန် လမ်းဦးစီးဌာန တိုးဂိတ်တာဝန်ကျဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး ၁နာရီခွဲခန့်အကြာတွင် ယာဉ်တန်းစီရမှုမရှိတော့ဘဲ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့ကြောင်း သိရဥည်။
နေပြည်တော် တိုးဂိတ်၌လည်း နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအထိ ယာဉ်အဝင်အထွက် အထူးများပြားခဲ့ပါသော်လည်း အချိန်ကြာတန်းမစီရစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ တန်ဆောင်တိုင်ပွဲတော်ရက်များအတွင်း ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ မဖြစ်ပေါ်စေရေးအတွက် တိုးဂိတ်များအဝင်/အထွက်၌ Tollpass RFID လမ်းကြောင်း /အရံ လမ်းကြောင်း/ပုံမှန်ငွေသားကောက်ခံလမ်းကြောင်းနှင့် Weight Bridge Lane (ကတ္တားလမ်းကြောင်း)များ စုစုပေါင်း ငါးခုစလုံးဖွင့်၍ ယာဉ်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကြန့်ကြာမှုမရှိစေရေး တာဝန်ရှိဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။