Kanbawza Tai News

မိုင်းနောင်တွင် တရုတ်နိုင်ငံသားများ အပါအဝင် ကျားဖြန့် ၃၀၀ ကျော် ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေသီးမြို့နယ်၊ မိုင်းနောင်မြို့ ဝမ်ပုံကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားများ အပါအဝင် လူ ၃၀၀ ကျော်ကို လက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်း ရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်နေစဉ် ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၆ နာရီခွဲခန့်က မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာနေရာ၌ ယာယီမိုးကာတဲများအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၀၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၃၂၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိသူများနှင့်အတူ ပစ္စတိုသေနတ် ၂ လက်၊ သေနတ်အရှည် ၃ လက်နှင့် ခဲယမ်းများ၊ Power Station အကြီး ၁၅ လုံး၊ အသေး ၂ လုံး၊ Solar Station အလတ် ၆ လုံး၊ Laptop ၅၄ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ All in One ကွန်ပျူတာ ၅ လုံး၊ Starlink ဗန်း ၃၃ ခု၊ Router ၃၀ ခု၊ Air Cooler ( အလတ်) ၈ လုံး၊ Tiger ( 4 x 4 wheel) အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Freezer အကြီး ၃ လုံး၊ အသေး ၃ လုံး၊ ထမင်းပေါင်းစက် ၂ ခန်းတွဲ ၁ ခု၊ ထမင်းပေါင်းစက် ၁ ခန်းတွဲ ၁ ခု၊ ဂတ်စ်မီးဖို (အကြီး) ၁ ခု၊ မီးစက် (အကြီး) ၁ လုံး၊ အင်တာနက်လိုင်းအားမြှင့် စက် ၂ စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီးမှ အွန်လိုင်း လိမ်လည်လောင်းကစားမှုများလုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ပြီး အွန်လိုင်းလိမ်လည် လောင်းကစးလုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်သည်ဟု သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်း ရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News