NP News

ကျေးသီးမြို့တွင် အွန်လိုင်းလိမ်လည် လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားများ အပါအဝင် (၃၂၀)ကျော်ကို လက်နက်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၃၂၀)ကျော်ကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင် နေကြောင်း သတင်းအရ စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ (နိုဝင်ဘာ ၂၃ ရက်)၊ နံနက် (၆) နာရီခွဲအချိန်ခန့်က ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၁၈၀၀) ခန့်အကွာနေရာ၌ အလျား (၁၅၀)ပေ၊ အနံ (၃၀) ပေရှိ ယာယီအလုပ်ရုံမိုးကာတဲ (၅)လုံး နှင့် ယာယီလူနေမိုးကာတဲ (၄) လုံး၊ အလျား (၆၀) ပေ၊ အနံ (၃၀) ပေရှိ ယာယီလူနေမိုးကာတဲ (၄)လုံး၊ အလျား (၁၀၀) ပေ၊ အနံ (၅၀) ပေ ရှိ ယာယီစားချက်ဆောင် (၁)လုံးနှင့် ယာယီစတိုဆောင် (၁) လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား အမျိုးသား (၃၀၁) ဦးနှင့် အမျိုးသမီး (၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး (၂၁) ဦး၊ စုစုပေါင်း (၃၂၃) ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့်အတူ BERETTA-22 ပစ္စတို (ကျည်အိမ်အပါ)တစ်လက်၊ CZ 9mm ပစ္စတို(ကျည်အိမ်အပါ) တစ်လက်၊ SMITH - 22 အရှည် သေနတ် တစ်လက်၊ AK 47 သေနတ် (၅) လက် နှင့် ၎င်းကျည်အိမ် (၄) ခု၊ ပွိုင့် (၂၂) ကျည် (၆) တောင့်၊ Power Station အကြီး (၁၅) လုံးနှင့် အသေး (၂)လုံး၊ Solar Station အလတ် (၆)လုံး၊ Laptop (၅၄)လုံး၊ ဖုန်းမျိုးစုံ (၂၁၇) လုံး၊ All in One ကွန်ပျူတာ (၅) လုံး၊ Starlink ဗန်း (၃၃)ခု၊ Router (၃၀) ခု၊ Air Cooler(အလတ်) (၈) လုံး၊ Tiger (4x4 wheel) အမျိုးအစား မော်တော်ယာဉ် (၂)စီး၊ Lexus အမျိုးအစားမော်တော်ယာဉ် (၁) စီး၊ Freezer အကြီး (၃) လုံးနှင့် အသေး (၃) လုံး၊ ထမင်းပေါင်းစက် (၂)ခန်းတွဲ (၁) ခု၊ ထမင်းပေါင်းစက် (၁) ခန်းတွဲ (၁)ခု၊ ဂတ်စ်မီးဖို (အကြီး) တစ်ခု၊ မီးစက် (အကြီး) တစ်လုံး၊ အင်တာနက်လိုင်းအားမြှင့် စက် (၂)စုံ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိစစ်မေးမြန်းမှုများအရ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံရှိ ပြည်နယ် အသီးသီးတွင် နေထိုင်၍ ကျပန်းလုပ်ကိုင်ကြသူများဖြစ်ကာ Tiktok ၊ Telegram ၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့် ချိတ်ဆက်၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ဖြစ်ပြီး ယခု အွန်လိုင်းလိမ်လည်လောင်းကစားမှု များ လုပ်ကိုင်နေသည်မှာ ရက်ပေါင်း (၄၀( ခန့် ရှိပြီဖြစ်ကာ We Chat ၊ MO MO ၊ QQ စသည့် လူမှုကွန်ရက်များမှတစ်ဆင့် တရုတ်နိုင်ငံရှိငွေကြေးကြွယ်ဝချမ်းသာသူများအား အဓိကပစ်မှတ် ထားရှာဖွေရကြောင်း၊ ထို့နောက် ခင်မင်ရင်းနှီးမှု တည်ဆောက်ကာ အကျိုးတူစီးပွားရေး လုပ်ငန်းများတွင် ပါဝင်လာစေရေး စည်းရုံးခြင်းများ ပြုလုပ်၍ ပစ်မှတ်များက အရင်းအနှီးများ ထည့်ဝင်လာသောအခါ အဆက်အသွယ်ဖြတ်တောက်ခြင်းများ ပြုလုပ်ရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News