Voice of Myanmar

ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၅၀၀ လောက် ရုတ်တရက် အလုပ်ကနေ ရပ်နားခံရလို့ ဒုက္ခရောက်နေ

နိုဝင်ဘာ ၂၃ ၊ ၂၀၂၆

GG (VOM)

ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်နှစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၅၀၀ လောက်ကို ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ အလုပ်ကနေ ရုတ်တရက်ရပ်နားလိုက်တာကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့နယ်ရှိ ကြေးထုတ်လုပ်တဲ့စက်ရုံမှာ PJ နဲ့ CI စာအုပ်ကိုင်ဆောင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ကို နစ်နာကြေးလည်းမပေး ၊ကြိုတင်လည်းအကြောင်းမကြားဘဲ အလုပ်ကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အဲဒီအလုပ်သမား ၃၀၀ ကျော်ဟာ အဲဒီစက်ရုံမှာ လုပ်ငန်းလုပ်သက်အနေနဲ့ အနည်းဆုံး လုပ်သက်သုံးလကစပြီး နှစ်ချီပြီး လုပ်ကိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

” အဲဒီမှာအလုပ်လုပ်ဖို့ စမတ်ခ ၅၅၀၀ ဘတ်နဲ့ ကျန်းခေါက်ခ ဘတ် ၂၀၀၀ ပေးခဲ့ရတယ်။ အခုလုပ်တာမှ ဘာမှမကြာသေးဘူး အလုပ်ကနေ ရပ်စဲလိုက်တယ်။ ၁၈ ရက်နေ့ကစပြီး အလုပ်နားနေရတာခုထိပဲ ။ ဘာမှလည်း ကြိုပြောတာမရှိဘဲ ရုတ်တရက်ကြီး ရပ်နားခံရတာ။အဲဒီအတွက် အများကြီးနစ်နာတယ်။အလုပ်သစ်ရှာဖို့ကမလွယ်ဘူးလေ။ ဒီမှာနေစရိတ်စားစရိတ်နဲ့ အလုပ်မရှိဘဲ ဘယ်လိုရပ်တည်ရမလဲ။ မိသားစုကိုငွေပို့ဖို့ကလည်းရှိသေးတယ်။ နစ်နာကြေးရမှဖြစ်မှာ။ ” လို့ အလုပ်သမားတယောက်က ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေက အလုပ်သမားအခွင့်အရေးနဲ့ စာရွက်စာတမ်းအပါအဝင် နစ်နာကြေးရရှိဖို့အတွက် ကူညီဖြေရှင်းပေးရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံထားတယ်လို့သိရပါတယ်။

အလားတူ ပထုံဌာနီမြို့နယ်ရှိ B Bulidings Posh Co.,Ltd ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကို အလုပ်ကနေ ရပ်နားလိုက်တယ်လို့သိရပါတယ်။

အလုပ်နားခံရသူတွေဟာ လုပ်သက် တနှစ်အထက်ကနေ လေးနှစ် ၊ငါးနှစ် ခြောက်နှစ်အထက်ထိသူတွေပါပြီး PJ ၊ ဘတ် ( ပန်းရောင်ကတ်) ၊ CI စာအုပ်ရှိသူတွေဖြစ်ကြောင်း ၊ ပန်းရောင်ကတ်သက်တမ်းတိုးဖို့ ဘတ် ၄၅၀၀ နဲ့ CI စာအုပ်မရှိသူတွေ စာအုပ်လုပ်ဖို့ ဘတ် ၁၃၀၀၀ ကောက်ခံပြီး ဘာမှမလုပ်ပေးဘဲ အလုပ်ကနေရပ်နားလိုက်တာ လို့ အလုပ်ရပ်နားခံရတဲ့ မြန်မာလုပ်သားကဆိုပါတယ်။

” ဘတ်က ခု၁၂လပိုင်းဆိုရင်သက်တမ်းကုန်ပြီ။ဒါကိုသက်တမ်းတိုးဖို့ဆိုပြီး လုပ်ငန်းရှင်ကို ပိုက်ဆံပေးပြီးပြီ။CIဖိုးလည်းပေးပြီးပြီ။အဲဒါကို အလုပ်ကနေရပ်နားလိုက်တာ။

စာရွက်စာတမ်းလုပ်ဖို့ပေးထားတဲ့ပိုက်ဆံကိစ္စဘာမှမပြောသေးလို့ ဒီနေ့ထပ်သွားပြီး အလုပ်ကနေအပြီးထုတ်တာလား ဘယ်လိုစီစဥ် ပေးမလဲမေးမှာ ။ အလုပ်သစ်ရှာဖို့ဆိုတာ စာရွက်စာတမ်းစုံမှရတာ။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်ရပ်နားခံရတဲ့ မြန်မာလုပ်သားတရာကျော်ကို အဆောင်မှာဆက်လက်နေခွင့်ပြုထားပြီး အလုပိသစ်ရှာလုပ်ကိုင်နိုင်ကြောင်းသာ ပြောဆိုကာ နစ်နာကြေး နဲ့ လုပ်ခလစာ ထုတ်မပေးသေးဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ပြည်ပနိုင်ငံတွေ ထဲမှာ မြန်မာလုပ်သားအများဆုံးသွားရောက်လုပ်ကိုင်တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ခုနောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရားမဝင်ဝင်ရောက် လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးမှုကြမ်းလာတာကြောင့် ဒုက္ခရောက်နေကြရပါတယ်။

ဓာတ်ပုံ – WAG / မြန်မာလုပ်သား ( အလုပ်နားခံရတဲ့ မြန်မာလုပ်သားတွေ)

မူရင်းသတင်း — Voice of Myanmar