NP News

မြဝတီအမှတ်(၂)တံတားတွင် တရားဝင်ကုန်သွယ်မှု မရှိသလောက်နည်းပါးသောကြောင့် လစဉ် နိုင်ငံတော်မှ အခွန် ကျပ်ဘီလျံချီဆုံးရှုံးနေ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၄

မြဝတီအမှတ်(၂)တံတားတွင် တရားဝင်ကုန်သွယ်မှု မရှိသလောက်နည်းပါးသောကြောင့် လစဉ် နိုင်ငံတော်မှ အခွန် ကျပ်ဘီလျံချီဆုံးရှုံးနေကြောင်း ယင်းနှင့်ပတ်သက်၍သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ယခုအခါ မြန်မာနှင့်ထိုင်း ကုန်စည်များ တင်သွင်း၊ တင်ပို့ရာတွင် တရားဝင်လမ်းကြောင်းဖြစ် သော မြဝတီအမှတ်(၂)တံတားတွင် ကုန်သွယ်မှုနည်းပါးလာကြောင်း သိရသည်။
“ကျွန်တော်တို့ အခုက ဒီကပို့တဲ့ Export ကလည်းနည်းတာပေါ့။ ဟိုဘက်က တရားဝင်လာတဲ့ ကုန်ကလည်း နည်းတယ်။ အမှတ်(၂)ချစ်ကြည်ရေးတံတားကျတော့ ဒီဘက်ကလည်းတရားဝင်၊ ဟိုဘက် ကလည်း တရားဝင်ကုန်ပဲလာတာလေ။ အခုက အစိုးရလည်း လိုင်စင်တွေလည်း တော်တော်များများ မချ ပေးတဲ့အတွက်ကို အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်ကဝင်တဲ့ပစ္စည်းကလည်း တံတား ဘက်က ဝင်တာနည်းတယ်။ တစ်နေ့မှာ (၂)စီး၊ (၃)စီးတောင်အနိုင်နိုင် ဥပမာပြောပြတာ။ ကျွန်တော်တို့ ဒီဘက်ကလည်း Export ကုန်ရှိမှပဲ ရံဖန်ရံခါသွားကြတာပေါ့။ ပြောင်းတို့၊ ပဲတို့ အဲဒီလောက်ပဲ။ မှောင်ခို ဂိတ်တွေထဲဝင်တာများတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံဘက်မှ မြန်မာသို့ တရားမဝင်ကုန်များဝင်ရောက်မှုရှိနေသဖြင့် တရားဝင် လမ်း ကြောင်းတွင် ကုန်သွယ်မှုလျော့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“မြဝတီချစ်ကြည်ရေးတံတားကလွဲလို့ ကျန်တဲ့နေရာ မှောင်ခိုဂိတ်တွေကြီးပဲ။ အကုန်လုံးက တရားမဝင်ကုန် အဲဒီလိုပဲလာနေကြတာ။ တရားမဝင်ဘက်ကနေဝင်လာတာများလို့ တရားဝင် လမ်း ကြောင်းကနေ ဝင်တာနည်းတာပေါ့။ အရင်တုန်းက လိုင်စင်ချပေးတဲ့အချိန်မှာတော့ (၁၂)ဘီးတွဲကားတွေ က အာဆီယံလမ်းအတိုင်းသွားနေတာကတော့ ဒီအမှတ် (၂)ချစ်ကြည်ရေးတံတားကနေများတာပေါ့။ အခုက သွင်းကုန်လိုင်စင်က ပေးမှမပေးဘဲနဲ့။ သွင်းကုန်လိုင်စင်မပေးတော့ ဒီမှောင်ခိုဂိတ်တွေက ဝင်တာ ပေါ့။ မှောင်ခိုဂိတ်ကဝင်တော့ နိုင်ငံ တော်ကနစ်နာတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းဝင်ရောက်မှုများရှိသော်လည်း တရားဝင်လမ်း ကြောင်းမှတင်သွင်းခြင်းမဟုတ်သည့်အတွက် နိုင်ငံတော်မှရရှိမည်အခွန်အခများ လစဉ် ငွေကျပ်ဘီလျံချီ ဆုံးရှုံးနေကြောင်းသိရသည်။
“တရားမဝင်ဘက်တွေကဝင်နေတော့ နိုင်ငံတော်က ဝင်ငွေ ဘီလျံလောက်ချီဆုံးရှုံးတာပေါ့။ တစ် နေ့ကို အစီး(၅၀ဝ)ဆိုတဲ့ ဟိုဘက်ကကုန်ဝင်အားက နည်းတာမှမဟုတ်တာ။ လစဉ် လစဉ်ကို ဘီလျံချီပြီး ဆုံးရှုံးတာပေါ့။ ပြီးတော့ နိုင်ငံသားတွေကနေ အခွန်ဆောင်ရမယ်ဆိုတဲ့အသိလည်း လွတ်သွားတာပေါ့။ တကယ်တရားဝင်ဈေးကွက်ထဲရောက်သွားတဲ့အခါကျတော့လည်း အခွန်ဆောင်တဲ့ပစ္စည်းနဲ့ အခွန်မ ဆောင်တဲ့ပစ္စည်းကလည်း ဈေးကွာသွားပြန်ရောလေ။ အဲဒီကျတော့ အခွန်ဆောင် ထားတဲ့ကုန်သည်တွေ က နာတာပေါ့”ဟု ၎င်းကပြောသည်။
ထို့ကြောင့် ကုန်ကားများ တရားမဝင် ဝင်ရောက်မှုများကို နိုင်ငံတော်အနေဖြင့် ထိထိရောက် ရောက် အရေးယူလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
“တပ်ကလည်း (၂၄)နာရီ ဘယ်သူမှ စောင့်မကြည့်နေနိုင်တော့ အကုန်လုံး လုံခြုံရေး အဖွဲ့တွေ လွတ်တဲ့အချိန်ကူးတာပေါ့။ ဒီဘက်အခြမ်းကိုဝင်တာတော့ တစ်နေ့ကို ကားအစီးရေ(၃၀ဝ)၊ (၄၀ဝ)၊ (၅၀ဝ) တင်တဲ့ ပစ္စည်းတောင်ဝင်နေတာပဲလေ။ အစိုးရက ဘယ်လောက်ပဲပိတ်ပိတ် မြဝတီ ပတ်လည်မှာ တော့ အခုမှလုပ်တဲ့ ဂိတ်တွေမဟုတ်တဲ့အတွက် ကြာပြီ။ အဲဒီဂိတ်တွေကနေပြီး ဒီဘက်ရောက်တယ်။ မှောင်ခိုကားတွေတင်တယ်။ မနေ့က ကျွန်တော်ပြောတဲ့ ကုန်လမ်းကနေထွက်တယ်။ ဒါတွေကို ပြင်းပြင်း ထန်ထန်အရေးမယူရင် အဲဒါ ဘယ်တော့မှပျောက်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ထိုင်းနယ်စပ်ဘက်မှ တရားမဝင်ဟုယူဆရသောကုန်ကားများ အစီး(၅၀ဝ)ခန့် နေ့စဉ်ဝင်ရောက် နေပြီး မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်ရှိ ကြက်ဥတောင်၊ ထော့ကော်ကိုး-နဘူးနှင့် (၁၀၁၈) လမ်း ကြောင်းများမှသွားလာနေကြောင်း သိရသည်။

============
Day Club နှင့် Private Cinema များပေါများလာခြင်း၏ ဘေးထွက်ဆိုးကျိုး ဆယ်ကျော်သက်တို့ အပေါ် များစွာသက်ရောက်မှုရှိနေ
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် Day Club နှင့် Private Cinema များပေါများလာခြင်း၏ဘေးထွက်ဆိုးကျိုးသည် ဆယ်ကျော်သက်တို့အပေါ် များစွာကျရောက်နေကြောင်း NP News ၏ စုံစမ်းမေးမြန်းချက်များအရ သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် မြို့ပြလူနေမှုပုံစံနှင့် ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုနှင့်အတူ Day Club နှင့် Private Cinema များစွာ ပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ Day Club များသည် မွန်းလွဲ ပိုင်းမှညနေပိုင်းအထိဖွင့်လှစ်လေ့ရှိကြပြီး များသောအားဖြင့် ဝင်ထွက်ခွင့်ကို အသက်အရွယ်ကန့်သတ် ထားခြင်းမရှိသဖြင့် ဆယ်ကျော်သက်အရွယ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများပါ ရံဖန်ရံခါ လာရောက်လေ့ရှိကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်မြို့၏ လူဦးရေထူထပ်သောနေရာအချို့တွင် သီးသန့်အခန်းငယ်များဖြင့် ရုပ်ရှင် ကြည့်ရှုနိုင်သော Private Cinema များသည် လူငယ်များအကြား ရေပန်းစားလာနေပြီး အသက်မပြည့် သူများပင် ဝင်ထွက်ခွင့်ရရှိနေကြောင်းသိရသည်။ “လှည်းတန်းမှာ အဲဒီ Day Club နဲ့ Private Cinema တွေရှိတယ်။ နေ့ခင်းကြောင်တောင်ကြီး လူငယ်တွေ အစုလိုက်အစုလိုက် သွားနေကြတာတွေ့တယ် လေ။ ကျွန်တော်မြင်တာတော့ အသက်မပြည့်ကြသေးဘူး” ဟု သိရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အသက် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွင် HIV ရောဂါပိုး ကူးစက်ခံရခြင်းနှင့်ပတ်သက်၍ ဖော်ပြရေးသားမှုအချို့ ရှိခဲ့ သည်။ အဆိုပါအမျိုးသမီးငယ်သည် HIV ပိုးကူးစက်တတ်သည့်အကြောင်းရင်း (၅)ချက်အနက် မကြာခ ဏ Day Club နှင့် Private Cinema များသို့သွားရောက်ပြီးနောက် အမျိုးသားများနှင့်ဆက်ဆံမိရာမှ ကူး စက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။
“Day Club တွေများလာတာဟာ တိုက်ရိုက်တော့ HIV မဖြစ်ဘူး။ သို့သော် နောက်ဆက်တွဲတွေ အပြန်မှာ Date ကြတာတို့နဲ့ Club ထဲမှာ ဆေးတွေသုံးကြတာပေါ့နော်။ ဒါတွေက ကူးတာပေါ့။ အခု ယဉ် ကျေးမှုပြောင်းလဲလာတာနဲ့အမျှ Tattoo ထိုးတဲ့ကိစ္စတွေ၊ အလှအပရေးရာကိစ္စတွေကလည်း HIV နဲ့ ဆိုင် နိုင်တယ်။ MSM လို့ခေါ်တဲ့ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံတာကနေလည်း HIV ကူးနိုင်တယ်”ဟု ဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားထားသည်။
လက်ရှိခေတ်ကာလအရ အသက် (၁၈) နှစ်၊ (၁၉)နှစ်အရွယ်သို့ရောက်ရှိပါက စဉ်းစားချင့်ချိန်နိုင် သည့်ရင့်ကျက်မှုမျိုး ရရှိလာနိုင်သော်လည်း အသက်ငယ်ရွယ်သည့် ဆယ်ကျော်သက်များအနေဖြင့် ဆေး ပညာရှုထောင့်အရရော လူမှုပတ်ဝန်းကျင်ရှုထောင့်အရပါ စူးစမ်းလက်တည့်စမ်းလိုစိတ်ကြောင့် မှားယွင်း သော လမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ကြောင်း ၎င်းကဆိုသည်။
“ခေတ်ရေစီးကြောင်းအရ ဖြစ်နေတာပေါ့။ ကျွန်တော်တို့ အဲဒီအရွယ်တုန်းက ဘာမှကိုမသိသေး ဘူး။ အခုက ခေတ်ရေစီးကြောင်းအရ အသက်ငယ်ရင် မဖြစ်ရဘူးလို့ မရှိတော့ဘူး။ အခုခေတ်မှာ ဆေး ပညာ ရှုထောင့်ကကြည့်ရင်လည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာတယ်။ လက်တည့်စမ်းချင်လာ တယ်။ ဆိုရှယ် ရှုထောင့်ကကြည့်ရင်လည်း လက်တည့်စမ်းချင်လာတယ်။ အတုမြင်အတတ်သင်တွေ အများကြီး ရှိလာတယ်။ ဒါတွေကြောင့်လည်း ဖြစ်သွားကြတယ်လို့ မြင်ပါတယ်” ဟု အထက်ပါဆရာဝန် က ပြောသည်။
ထို့ကြောင့် သီးသန့်လွတ်လပ်မှုကို အသားပေးထားသည့် Day Club နှင့် Private Cinema ကဲ့သို့ သောနေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အန္တရာယ်ရှိသည့်အပြုအမူများ မဖြစ်ပွားစေရန် မိဘ အုပ်ထိန်းသူများ၏စောင့်ကြည့်ထိန်းကျောင်းမှုနှင့် ကျန်းမာရေးအသိပညာပေးမှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ၎င်းကအကြံပြုပြောကြားထားသည်။

မူရင်းသတင်း — NP News