သက်တံ့
၂၄. ၁၁. ၂၀၂၆
ပြီးခဲ့သည့်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ ထိုင်းကုန်အမှတ်တံဆိပ်များကို စားသုံးသူများက ဆက်လက်သပိတ်မှောက်နေခြင်း၏ သက်ရောက်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ 7-Eleven လုပ်ငန်းလည်ပတ်မှုကို ယခု ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်၍ အပြီးသတ် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း CP All Plc က ပြောကြားခဲ့သည်။
CP All နှင့် အမေရိကန်အခြေစိုက် 7-Eleven ကုန်အမှတ်တံဆိပ်ပိုင်ရှင်တို့အကြား နှစ်ဖက်သဘောတူညီထားသည့် စည်းကမ်းချက်များနှင့်အညီ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထိုင်းစတော့အိတ်ချိန်းသို့ အင်္ဂါနေ့တွင် အသိပေးတင်ပြခဲ့သည်။
CP All သည် ၂၀၅၁ ခုနှစ်အထိ သက်တမ်းရှိမည့် နှစ် ၃၀ စာချုပ်ဖြင့် 7-Eleven အမှတ်တံဆိပ်၏ ပင်မလုပ်ပိုင်ခွင့်ကို ရယူထားသော ရာနှုန်းပြည့်ပိုင် လုပ်ငန်းခွဲ CP All (Cambodia) Ltd ကို တည်ထောင်ကာ ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားဈေးကွက်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
CP All သည် ထိုင်းနိုင်ငံတွင် 7-Eleven ဆိုင်ခွဲပေါင်း ၁၆,၀၀၀ ကျော် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အကုန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဆိုင်ခွဲပေါင်း ၁၁၂ ဆိုင် ရှိခဲ့သည်။
သို့သော် ဆိုင်ခွဲအရေအတွက်မှာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အကုန်တွင် ၆၃ ဆိုင်အထိ ကျဆင်းသွားခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ စာရင်းအရ ၂၃ ဆိုင်သာ ကျန်ရှိတော့သည်။
စားသုံးသူများ၏ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မှုအပြင် နယ်စပ်ဂိတ်များ ကာလရှည်ကြာ ပိတ်ထားခြင်းကြောင့် ဆိုင်များရှိ ကုန်ပစ္စည်းအများစုကို ထိုင်းနိုင်ငံမှ တင်သွင်းနေရသဖြင့် ကုန်စည်ထောက်ပံ့ရေးနှင့် ကုန်ပစ္စည်းသိုလှောင်မှုဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်သုံးသပ်သူများက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် CP All ၏ အခြားတစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုမှာ ၎င်းက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် CP Axtra Plc က လုပ်ကိုင်နေသော Makro လက်ကားနှင့် စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်။
လက်ရှိတွင် Makro သည် ဖနွမ်းပင်မြို့၌ ဆိုင်ခွဲ ၂ ခု ဖွင့်လှစ်ထားသည်။ အွန်လိုင်းအရောင်းဘက်သို့ အာရုံစိုက်ရန် ကုမ္ပဏီက ဆုံးဖြတ်ခဲ့သဖြင့် ဆီယမ်ရိ (Siem Reap) ဆိုင်ခွဲကို ယခုနှစ် ဇူလိုင်လတွင် ပိတ်သိမ်းခဲ့သည်။
Ref: Bangkok Post