
Pika (NP News) - နိုဝင်ဘာ ၂၄
လာအိုနိုင်ငံဟာ ကုလသမဂ္ဂရဲ့ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံတွေစာရင်းကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုလွတ်မြောက်မှုကြောင့်ပဲ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသောဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးတွေကိုရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက် သတ်မှတ်ထားတဲ့စာရင်းမှာ အချိန်(၅၅)နှစ်ကြာအောင်ရှိနေခဲ့တဲ့ လာအိုရဲ့တည်ရှိနေမှုက အဆုံးသတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒကော်မတီက လာအိုနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံတွေစာရင်းကနေ ဖယ်ရှားသင့်တယ်လို့ အကြံပြုခဲ့ပြီးနောက် ကုလသမဂ္ဂက နိုဝင်ဘာလ(၂၄)ရက်ကို ဒီလိုမျိုးအပြောင်းအလဲဖြစ်လာမယ့်ရက်အဖြစ် သတ်မှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
(၁၉၇၁) ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများစာရင်းမှာ ထည့်သွင်းခံခဲ့ရပြီး (၂၀၀၀) ပြည့်နှစ်မှာ စာရင်းကနေလွတ်မြောက်ဖို့ကို နိုင်ငံတော်ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့ လာအိုနိုင်ငံအတွက် ဒီအောင်မြင်မှုက အရေးပါတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။
ဒီလိုမျိုးစာရင်းကနေ ထွက်လာနိုင်မှုက နိုင်ငံရဲ့ဝင်ငွေကတိုးတက်လာရုံတင်မဟုတ်ဘဲ အခြားအချက်တွေကိုပါ ထင်ဟပ်နေစေတာလည်းဖြစ်ပါတယ်။
အဲဒီစာရင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက တိုင်းတာမှုအပိုင်းကို (၃)ပိုင်းခွဲကာ ဆုံးဖြတ်လေ့ရှိတာဖြစ်ပြီး တစ်ဦးချင်းဝင်ငွေ၊ကျန်းမာရေး နဲ့ ပညာရေးတို့ အပါအဝင် လူသားအရင်းအမြစ်ဆိုင်ရာအခြေအနေတွေ၊ စီးပွားရေး နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်နိုင်ခြေတို့ကိုကြည့်ပြီး ဆုံးဖြတ်တာလည်းဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီစာရင်းကနေလွတ်မြောက်သွားပြီဆိုတာကို အတည်ပြုခံဖို့အတွက် သုံးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ သုံးသပ်ချက်(၂)ကြိမ်မှာ တိုင်းတာမှုအပိုင်း(၃)ခုထဲက(၂)ခုနဲ့ ကိုက်ညီဖို့လိုအပ်တယ်လို့လည်း သိရပါတယ်။
