NP News

ကရင်ပြည်နယ်ရှိ နယ်မြေမတည်ငြိမ်သည့်ဒေသများတွင် သတ္တုတွင်းလုပ်ကွက်အတွက် အဆိုပြုလွှာလျှောက်ထားမှုကို ဆိုင်းငံ့ထား

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်သည့်ဒေသများတွင် သတ္တုတွင်းလုပ်ကွက်အတွက် အဆိုပြုလွှာလျှောက်ထားမှုကို ဆိုင်းငံ့ထားကြောင်း သိရှိသူသတင်းရင်းမြစ်က NP News သို့ ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ဓာတ်သတ္တုအကြီးစားနှင့်အလတ်စား တူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိထားသည့်လုပ်ကွက်တည်နေရာ (၉) နေရာနှင့် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက် စားတူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိထားသည့် လုပ်ကွက်နေရာ (၉)နေရာအထိ ရှိကြောင်း သိရသည်။

ထို့ပြင် အခြားသောလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိရေးအဆိုပြုလွှာလျှောက်ထားသည့်နေရာများ ရှိသော်လည်း နယ်မြေမတည်ငြိမ်သည့်ဒေသများဖြစ်သည့်အတွက် လျှောက်ထားမှုကို ဆိုင်းငံ့ထား ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“တခြား Proposal လုပ်ထားတဲ့နေရာတွေတော့ ရှိတယ်ဗျ။ အဓိကကတော့ ဟို ကျွန်တော်တို့ ပြည်နယ်မှာ လောလောဆယ်မှာ စက်မှုကုန်ကြမ်းအနေနဲ့ပဲ သူတို့က ထုတ်ထုတ်နေကြတာကိုး။ ခနောက်စိမ်းတို့က လောလောဆယ်က ကြာအင်းဆိပ်ကြီးတို့ ဘုရားသုံးဆူတို့ဘက်မှာလည်းရှိတယ်။ ပြည်နယ်အစိုးရ စီမံခန့် ခွဲပိုင်ခွင့်ရှိတဲ့ဧရိယာတွေရှိတယ်။ ဒါပေမဲ့ အဲဒီနေရာတွေမှာတော့ ကျွန်တော်တို့ လက် လှမ်းမမီသေးတဲ့ နေရာတွေရှိသေးတာကိုး။ တချို့နေရာတွေက စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့နေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ Proposal လျှောက်ထားရင်တောင်မှ လောလောဆယ်မှာ ဆိုင်းငံ့ပဲထား တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အခြားသောနေရာများတွင်လည်း အဆိုပြုလွှာလျှောက်ထားပြီးနောက် မှတ်ပုံတင်ထား သည့်လုပ်ကွက်များ များများစားစားမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။ “လျှောက်ထားတာပြီးပြီ။ မှတ်ပုံတင်ထားတာတော့ သိပ်မရှိဘူး။ ကျွန်တော်တို့က သူတို့ရဲ့ကိုယ်ရေးအချက်အလက်ကိုတောင်းပြီး အဆိုပြုလွှာတင်သွားပြီဆိုတာနဲ့ ဆက်လုပ်နေတုန်းလား၊ ဘာလားပေါ့။ သူ့ရဲ့လုပ်ကွက်နဲ့ပတ်သက်ပြီး သူ တင်ပြရမယ့်ဟာတွေ၊ သူ့စာရွက်စာတမ်း မှန်ကန်မှု ရှိ မရှိ ပြန်စိစစ်ရတဲ့ကဏ္ဍဖြစ်နေပြီလေ။ အခု လော လောဆယ်တော့ သိပ်မရှိသေးဘူး”ဟု ၎င်းကဆက်ပြောသည်။
ကရင်ပြည်နယ်သည် ထွက်ရှိသည့် ဓာတ်သတ္တုများအနက် ခနောက်စိမ်းသတ္တုထုတ်လုပ်မှု အ များဆုံးဖြစ်ပြီး ယခင်အင်္ဂလိပ်ခေတ်ကာလများကတည်းက သွပ်နှင့်ရောနှော၍ထုတ်လုပ်ခဲ့သည့် မှတ် တမ်းကောင်းများရှိခဲ့ကြောင်းသိရသည်။ လက်ရှိကာလတွင်မူ တချို့သောလုပ်ကွက်ဟောင်းများ ပိတ် သိမ်းသွားခဲ့မှုများရှိသကဲ့သို့ လုပ်ကွက်သစ်လျှောက်ထားမှုများနှင့် Proposal တင်ထားသည့်နေရာများ လည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အစိုးရထိန်းချုပ်မှုအောက်မှလက်လွှတ်ခဲ့ရသော သတ္တုလုပ်ကွက်များရှိသော်လည်း ကရင်ပြည်နယ်တွင် မူ လက်လွှတ်ထားရသည့်သတ္တုလုပ်ကွက်များ မရှိကြောင်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့ပြည်နယ်မှာတော့ (၂၀၂၁)နောက်ပိုင်းမှာ လက်လွှတ်လိုက်ရတဲ့လုပ်ကွက်တော့ မရှိဘူးဗျ”ဟု ၎င်းကဆိုသည်။

မူရင်းသတင်း — NP News