
နိုဝင်ဘာ ၂၃ – ၂၀၂၆
SS (VOM)
ကိုရီးယားသမ္မတနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်စနစ် (EPS) နဲ့ သွားရောက်ခဲ့တဲ့ မြန်မာလုပ်သားတွေအနေနဲ့ ခွင့်နဲ့ မြန်မာနိုင်ငံကို ဝင်ရောက်ပြီးနောက် ပြန်လည် ထွက်ခွာခွင့်အတွက် မိသားစု လွှဲပို့ငွေအထောက်အထား နှစ်နှစ်ကျော်စာ တင်ပြရမယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
ခွင့်ကာလပြည့်ချိန် ကိုရီးယားနိုင်ငံကို ပြန်လည် ထွက်ခွာခွင့်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်နေ့ကစပြီး မိသားစုထံ လစဉ်လစာ ၂၅ ရာခိုင်နှုန်း လွှဲပို့ခဲ့တဲ့ အထောက်အထား မူရင်းနဲ့ မိတ္တူ၊ ပြည်တွင်းကို ငွေဝင်ရောက်ကြောင်း လက်ခံသူမှ ထုတ်ယူထားတဲ့ Bank Statement ၊ တနှစ်စာ ပေးသွင်းထားတဲ့ ဝင်ငွေခွန် လစာရဲ့ ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထား မူရင်းနဲ့ မိတ္တူတို့ တင်ပြရမယ်လို့ POEA က ကြေညာထားပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “အရင်က ပုံမှန် မလွှဲထားမိတဲ့သူတွေ၊ အထောက်အထား အပြည့်အစုံ မရှိတဲ့သူတွေဆိုရင် အခုမှ စုပေါင်းပြီး ပြန်လွှဲရမယ့် သဘောဖြစ်နေတယ်။ ၂၀၂၄ ဩဂုတ်လကတည်းက စတွက်မယ်ဆိုတော့ နှစ်နှစ်ကျော်စာ အထောက်အထား ဖြစ်သွားပြီ။ လက်ရှိ ငွေလဲနှုန်း ကွာဟချက်တွေကြောင့်ရော၊ အထောက်အထား ပြန်စုရတာကြောင့်ရော ခွင့်ပြန်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
POEA ရဲ့ ကြေညာချက်အရ ပြည်ပလုပ်သားတွေအနေနဲ့ ခွင့်ကာလပြည့်ပြီး ပြည်လည် ထွက်ခွာခွင့်အတွက် အလုပ်သမား သက်သေခံကတ်ပြား (OWIC) အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်း၊ သက်တမ်းတိုးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေ အားလုံးလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က လစဉ်ပုံမှန် မိသားစုဆီ ငွေလွှဲပေးနေပေမယ့် အရင်နှစ်တွေက လွှဲခဲ့တဲ့ စလစ်တွေ၊ ဘဏ်စာရင်းရှင်းတမ်းတွေ အကုန်လုံးကို ပြန်စုဆောင်းရတာ တော်တော်လေး ခက်ခဲပါတယ်။ တချို့လတွေကျတော့ မိသားစုမှာ အရေးတကြီး သုံးစရာမရှိလို့ မလွှဲဖြစ်ဘဲ ကိုရီးယားဘဏ်ထဲမှာပဲ စုထားတာမျိုး ရှိတယ်။ အဲဒီလတွေအတွက် အထောက်အထား ဘယ်လိုပြရမှန်း မသိဘူး။ ခွင့်ရက်ကလည်း ကန့်သတ်ချက်ရှိတော့ အချိန်မီ စာရွက်စာတမ်း မစုံမှာနဲ့ ကိုရီးယားပြန်မထွက်ရမှာကို အရမ်းစိုးရိမ်နေရတယ်” လို့ လက်ရှိရန်ကုန်မြို့ကို ခွင့်နဲ့ ပြန်လည်ရောက်ရှိနေတဲ့ EPS လုပ်သားတယောက်က ပြောပါတယ်။
ဒါအပြင် ငွေလွှဲရာမှာ တရားဝင်ဘဏ် ငွေလွှဲနှုန်းထားနဲ့ ပြင်ပပေါက်ဈေး ကွာဟချက်တွေ ရှိနေခြင်း၊ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) တွေကို ကိုရီးယားနိုင်ငံရှိ သက်ဆိုင်ရာ ဘဏ်တွေဆီက ပြန်လည် တောင်းယူရာမှာ ဘာသာစကားနဲ့ အချိန်အခက်အခဲ ရှိနေခြင်းတို့ကြောင့် အလုပ်သမားတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
“တချို့အလုပ်သမားတွေဆို မြန်မာပြည်ပြန်ရောက်မှ ဒီသတ်မှတ်ချက်ကို သေချာသိရတာ။ ကိုရီးယားမှာတုန်းက ဘဏ်ကနေ စာရွက်စာတမ်း အပြည့်အစုံ မထုတ်ယူခဲ့မိတော့ ဒီရောက်မှ ဟိုဘက်က သူငယ်ချင်းတွေကတဆင့် လှမ်းအကူအညီတောင်းပြီး ပြန်ရှာခိုင်းနေရတယ်။ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း အတိအကျ မပြည့်တဲ့ လတွေပါနေရင်လည်း လက်ခံပါ့မလားဆိုပြီး စိတ်ပူနေကြရတယ်” လို့ ကိုရီးယားရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ခွင့်ပြန်အလုပ်သားတွေရဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့် လျှောက်ထားမှုတွေကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမမှာ စိစစ် ဆောင်ရွက်ပေးနေပြီး လျှောက်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ ခွင့်စာ အထောက်အထားတွေနဲ့အတူ တရားဝင် ဘဏ်စာရင်းတွေမှတဆင့် မိသားစုထံ လွှဲပို့ထားတဲ့ ငွေလွှဲပြေစာ (Slip) တွေကို ပူးတွဲ တင်ပြရမှာ ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ အခု နိုဝင်ဘာ ဒုတိယပတ်အတွင်း ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အရ ပြည်ပလုပ်သားတွေအနေနဲ့ တရားဝင် လမ်းကြောင်းကနေ ငွေမလွှဲတာ၊ အခွန် မဆောင်တာတွေအတွက် မြန်မာပြည် ပြန်ရောက်လာချိန် ပြည်ပထွက်ခွင့် သုံးနှစ် ပိတ်ပင်ခံရမှာဖြစ်တဲ့အပြင် တည်ဆဲဥပဒေတွေအရလည်း ဝန်ခံကတိ ဖောက်ဖျက်မှုနဲ့ပါ အမှုဖွင့် အရေးယူခံရမှာ ဖြစ်ပါတယ်။
Photo – CJ