Eleven Media Group

ထရန့်က ပူတင်ကို မိတ်ဆွေဟု ခေါ်ခဲ့ခြင်းမှာ သင့်လျော်ကြောင်း အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မိတ်ဆွေဟု သုံးနှုန်းခေါ်ခဲ့ခြင်းသည် သင့်လျော်ကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးအကြီးအကဲ ဂျေးကလေတန်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ထရန့် ၊ ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ထရန့်က ပူတင်အပေါ် နွေးထွေးစွာဆက်ဆံခဲ့ခြင်းနှင့် မိတ်ဆွေဟု ထပ်တလဲလဲ ခေါ်ဝေါ်ခဲ့ခြင်းတို့အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာကာ ထရန့်၏လုပ်ရပ်က အမေရိကန်၏တန်ဖိုးများကို သစ္စာဖောက်ရာကျသည်ဟု ဒီမိုကရက်များက ဝေဖန်ခဲ့ကြသည်။

ထရန့်က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ပူတင်နှင့်တွေ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၂၂ ရက်တွင်လည်း Truth Social လူမှုကွန်ရက်ပေါ်၌ ပူတင်နှင့် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို တင်ခဲ့ပြီး “My Friend” ဟု ရေးသားခဲ့သည်။

ABC ရုပ်သံ၏ This Week အစီအစဉ်တွင် ကလေတန်က “အဲဒီဆွေးနွေးပွဲ အခြေအနေအရ မိတ်ဆွေဆိုတဲ့ စကားလုံးကို သုံးတာဟာ လုံးဝသင့်လျော်ပါတယ်” ဟု ပြောကြားခဲ့သည်။ CNN ၏ State of the Union အစီအစဉ်တွင်လည်း ကလေတန်က ထရန့်၊ ပူတင်နှင့် ရှီတို့ကဲ့သို့ ကမ္ဘာ့အင်အားကြီး နျူကလီးယားနိုင်ငံများမှ ခေါင်းဆောင်များ တစ်နေရာတည်းတွင် တွေ့ကြခြင်းသည် သမိုင်းဝင်ပြီး ထူးခြားသည့်ဖြစ်ရပ်ဟု ပြောခဲ့ကာ ထရန့်အသုံးပြုသည့် စကားလုံးများနှင့် ပတ်သက်၍ “သမ္မတက ဘယ်လိုပဲ သုံးနှုန်းပါစေ ကျွန်တော်သူ့ကို အပြည့်အဝ ယုံကြည်တယ်” ဟု ဆိုခဲ့သည်။

သို့သော် ပူတင်ကို အမေရိကန်၏မိတ်ဆွေအဖြစ် သတ်မှတ်နိုင်မလားဆိုသည့် မေးခွန်းကို ကလေတန်က ဒေါ်နယ်ထရန့်ကဲ့သို့ပင် တိတိကျကျဖြေရန် ငြင်းဆိုခဲ့သည်။ “ယူကရိန်းအရေးမှာတော့ ပူတင်ဟာ အမေရိကန်ရဲ့မိတ်ဆွေ မဟုတ်ဘူး။ လုံးဝ မဟုတ်ပါဘူး” ဟု ၎င်းက ABC သတင်းဌာနကို ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group