
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး ပထမဆုံးအကြိမ် ပါဝင်မယ့် ရှန်ကျိုး-၂၄ အာကာသယာဉ်ကို နိုဝင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ လွှတ်တင်သွားမှာဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်မှူးဟာ တရုတ်နိုင်ငံရဲ့ ထျန်ကုန်းအာကာသစခန်းကို သွားရောက်မယ့် ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူးလည်း ဖြစ်လာမှာပါ။
အာကာသယာဉ်ပေါ်မှာ တပ်မှူး တန်ဟုန်ပေါင်၊ လေယာဉ်အင်ဂျင်နီယာ ဝူယီနဲ့ ပါကစ္စတန်နိုင်ငံသား သိပ္ပံပစ္စည်း တာဝန်ခံ မူဟမ္မဒ် ဇီရှန် အလီတို့ လိုက်ပါမှာဖြစ်ပါတယ်။ အလီရဲ့ ပါဝင်မှုဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
တရုတ် လူလိုက်ပါအာကာသအေဂျင်စီက အာကာသယာဉ်မှူးတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး လွှတ်တင်ဖို့ ပြင်ဆင်မှုတွေလည်း ပြီးစီးပြီလို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အလီဟာ အာကာသစခန်းကို အချိန်တိုအတွင်း သွားရောက်လည်ပတ်မှာဖြစ်ပြီး ရှန်ကျိုး-၂၃ အဖွဲ့ဝင်နှစ်ဦးနဲ့အတူ ကမ္ဘာမြေကို ပြန်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရှန်ကျိုး-၂၃ အဖွဲ့ဝင် ကျူယန်ကျူး ကတော့ အာကာသထဲမှာ တစ်နှစ်ကြာ နေထိုင်မယ့် မစ်ရှင်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဂျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ လောင်မတ်ချ်-၂အက်ဖ် ဒုံးပျံနဲ့ လွှတ်တင်မယ့် ရှန်ကျိုး-၂၄ ဟာ တရုတ်နိုင်ငံရဲ့ လူလိုက်ပါအာကာသအစီအစဉ်အတွက် ၄၁ ကြိမ်မြောက် မစ်ရှင်ဖြစ်ပါတယ်။ အာကာသစခန်းမှာ အဖွဲ့ဝင် အလှည့်အပြောင်းလုပ်ဆောင်မယ့်အပြင် အာကာသသိပ္ပံစမ်းသပ်မှုတွေနဲ့ သုတေသနလုပ်ငန်းတွေကိုလည်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့အကြား လကမ္ဘာစူးစမ်းရေးနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေ မြင့်တက်နေချိန်မှာ အခုမစ်ရှင်ကို လွှတ်တင်မှာဖြစ်ပါတယ်။ အမေရိကန်က တရုတ်ဟာ လပေါ်က နယ်မြေနဲ့ သယံဇာတ တွေ ကို သိမ်းပိုက်တူးဖော်ဖို့ ရည်ရွယ်နေတယ်လို့ စွပ်စွဲထားပေမဲ့ တရုတ်ကတော့ အဲဒီစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
Ref – CNA