NP News

ဘင်္ဂါလီဒုက္ခသည် (၁၀,၀၀၀) ကို လက်ခံရန် တူရကီ အသင့်မဖြစ်သေးကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

​ မလေးရှားနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံရန် စဉ်းစားဖို့ တူရကီအစိုးရအနေဖြင့် အသင့်မဖြစ်သေးကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်သည်။
တူရကီနိုင်ငံသည် လက်ရှိတွင် အာရပ်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့မှ ဒုက္ခသည် လေးသန်းကျော်ကို လက်ခံထားရသည်ဟူသော ရှင်းလင်းချက်ဖြင့် လွန်ခဲ့သည့်နှစ်ရက်က တူရကီအစိုးရထံမှ ၎င်းထံသို့ တရားဝင် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း အန်ဝါက ဆိုသည်။

​"တူရကီဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး လက်ခံထားရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အသင့်မဖြစ်သေးဘူးလို့ပြောလာတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားပါတယ်။ ဒီကိစ္စကို ဒုတိယဝန်ကြီးချုပ်ထံ အကြောင်းကြားထားပြီးဖြစ်သလို၊ အစစအရာရာ အဆင်ပြေမယ်ဆိုရင် အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြသွားမှာပါ" ဟု ၎င်းက ပြောသည်။

​"အချို့နိုင်ငံတွေက အသင့်မဖြစ်သေးပေမယ့် ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ ပြန်လည်နေရာချထားရေးကျွန်တော်တို့ရဲ့ မူဝါဒဟာ မှန်ကန်ကောင်းမွန်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း အသိပေးထားပြီး ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မလေးရှားမှ ဘင်္ဂါလီဒုက္ခသည်များကို လက်ခံရန် တူရကီအစိုးရက သဘောတူညီခဲ့ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း ပါစီယာ ဂူဒန် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဟာဆန် အဗ္ဗဒူလ် ကာရင်မ်၏ ထပ်ဆင့်မေးခွန်းကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် ဒါတွတ် ဆရီ အာမက် ဇာဟစ် ဟာမီဒီ၏ ပြောကြားချက်သည် နိုင်ငံအတွင်းရှိ ဒုက္ခသည်အချို့ကို ပြန်လည်နေရာချထားပေးမည့် တတိယနိုင်ငံများ ရှာဖွေရန် မလေးရှား၏ ကြိုးပမ်းမှုများအပေါ်အခြေခံ၍ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း အန်ဝါက ရှင်းလင်းပြောကြားခဲ့သည်။

မူရင်းသတင်း — NP News