
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ပိတ်ဆို့မှုများဖြင့် ပစ်မှတ်ထားခဲ့ပြီးနောက် ဂျပန်က ICC အတွက် နှစ်စဉ်ထည့်ဝင်ငွေများကို ကြိုတင်ပေးမည်ဟု နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလထဲတွင် အမေရိကန်က ICC ကို အရပ်ရပ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ICC ၏ လည်ပတ်မှုများကို ထိခိုက်အောင်လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့် ICC တာဝန်ရှိသူများသည် အခြားသော ပြဿနာများထဲတွင် ဘဏ်များအသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိလာခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိနှင့် ICC ဥက္ကဋ္ဌ တိုမိုကိုအကာနီတို့ တွေ့ဆုံခဲ့ပြီးနောက် ဂျပန်သည် ICC အတွက် ငွေကြေးအများဆုံးထည့်ဝင်သောနိုင်ငံအဖြစ် ၂၀၂၇ တစ်နှစ်လုံးစာအတွက် ထည့်ဝင်ငွေ အားလုံးကို ယခုနှစ်ကုန်တွင် ပေးရန်ဆုံးဖြတ်ခဲ့သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။
ICC တည်ထောင်သည့်အဖွဲ့ဝင် အင်အားကြီးနိုင်ငံဖြစ်ပြီး အမေရိကန်၏ရင်းနှီးသောမဟာမိတ်ဖြစ်သည့် ဂျပန်သည် ICC အတွက် ထည့်ဝင်ငွေများကို ယေဘုယျအားဖြင့် ဧပြီ သို့မဟုတ် နောက်ပိုင်းတွင် ပေးလေ့ရှိသည်ဟု ဒေသတွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ICC သည် မူလမျှော်မှန်းထားသည့်အတိုင်း ၎င်း၏အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပြည့်ပြည့်ဝ၀ ဆောင်ရွက်နိုင်စေရန် အလို့ငှာ ဂျပန်အစိုးရက ICC ကိုလည်းကောင်း၊ ICC ဥက္ကဋ္ဌကိုလည်း ကောင်း ခိုင်မာစွာ ဆက်လက် ထောက်ခံမည်ဟု ဝန်ကြီးချုပ်တာကာအိချိက ICC ဥက္ကဋ္ဌ အကာနီကို ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။
ICC သည် ဆက်လက်ရှင်သန်ရေး၊ ဝန်ထမ်းများကို လစာပေးရေးနှင့် အခြားသောကုန်ကျစရိတ်များအတွက် ငွေကို အကျိုးရှိစွာ အသုံးပြုမည်ဟု ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် အကာနီက သတင်း ထောက်များကို ပြောကြားခဲ့သည်။
သြဂုတ်လထဲတွင် အမေရိကန်က အကာနီအပါအဝင် ICC အမှုလိုက်ရှေ့နေ အဗ္ဗဒူလာယေးစီယေးတို့ကို ပိတ်ဆို့မှုများ ချမှတ်ကြောင်း ကြေညာခဲ့သည်။