Myanmar National Post

ဟောမုဇ်ထဲမှာ ရေနံတင်သင်္ဘောတွေ ရေမြုပ်မိုင်း ထိကုန်ကြပြီ


နိုဝင်ဘာ - ၂၄ (အင်္ဂါနေ့ ) 

ဟော်မုဇ်ရေလက်ကြား  မှာ ရေနံတင်သင်္ဘော ၄ စင်းဟာ ရေမြှုပ်မိုင်းတွေကို တိုက်မိခဲ့တယ်လို့ အီရန်စစ်ဘက် တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ အဲဒီသင်္ဘော ၄ စင်းထဲမှာ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ သွားလာနေတဲ့ သင်္ဘော ၂ စင်းလည်း ပါဝင်နေပါတယ်။

ဒီဖြစ်ရပ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ထပ်မံတိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အမေရိကန်ဘက်ကလည်း ၎င်းရဲ့ဟောမုဇ် ရေလက်ကြားထဲမှာ ရေတပ်ပိတ်ဆို့မှုကို စိန်ခေါ်လာတဲ့ သင်္ဘောတွေကိုလည်း နစ်မြုပ်အောင် လုပ်မယ်လို့ ပြောဆိုထားပြီးနောက် ဖြစ်ပွားလာတာပါ။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ပြောကြားချက်အရ တနင်္လာနေ့က အမေရိကန်ဗဟိုစစ်ဌာနချုပ် ရဲ့ အကူအညီနဲ့ သွားလာနေတဲ့ ရေနံတင်သင်္ဘောကြီး ၂ စင်းဟာ ရေမြှုပ်မိုင်းတွေကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ရေနံတင်သင်္ဘော ၂ စင်းကလည်း ဟော်မုဇ်ရေလက်ကြားရဲ့ တောင်ဘက်ပိုင်းမှာ ရေမြှုပ်မိုင်းတွေကို ထပ်မံတိုက်မိခဲ့တယ်လို့ အီရန်ရေတပ်က သီးခြားကြေညာခဲ့ပါတယ်။ အဲဒီသင်္ဘောတွေဟာ အီရန်အစိုးရနဲ့ ကြိုတင်ညှိနှိုင်းထားခြင်းမရှိတဲ့ ရေလမ်းကြောင်းကနေ ဖြတ်သန်းဖို့ ကြိုးစားခဲ့တာလို့လည်း ပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ အိုမန်နိုင်ငံဘက်ကို ကပ်ပြီး သွားလာကြတဲ့ သင်္ဘောတွေအနေနဲ့ အန္တရာယ်ရှိနိုင်တယ်လို့ အကြိမ်ကြိမ် သတိပေးထား ပါတယ်။ အဲဒီရေလမ်းကြောင်းဟာ အီရန်တပ်ဖွဲ့တွေရဲ့ စောင့်ကြည့်မှုနဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တယ်လို့လည်း အီရန်ဘက်က ပြောဆိုထားပါတယ်။

ကေပလာ ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ စနေနေ့မှာ ကုန်တင်သင်္ဘော ၅ စင်းပဲ အဲဒီရေလက်ကြား ကို ဖြတ်သန်းခဲ့ပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် သီတင်းပတ်ကုန်ရက်တွေမှာ သင်္ဘော ၃၁ စင်း ဖြတ်သန်းခဲ့တာနဲ့ နှိုင်းယှဉ်ရင် အများကြီး လျော့နည်းသွားတာပါ။ တနင်္ဂနွေနေ့မှာတော့ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတစ်စင်းမှ မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တချို့သင်္ဘောတွေဟာ သူတို့ရဲ့ တည်နေရာခြေရာခံစနစ်တွေကို ပိတ်ထားတာမျိုး ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။


REF: RT

#Myanmar #News 

မူရင်းသတင်း — Myanmar National Post