ICC မှ နုတ်ထွက်ရေး တစ်နှစ်ကြာ လုပ်ငန်းစဉ်ကို နိုင်ငံ ခုနစ်နိုင်ငံက တရားဝင် စတင်လျက်ရှိ
၂၄.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို ဖျက်သိမ်းရန် ရည်ရွယ်သည့် သံတမန်ရေးရာ လှုပ်ရှားမှုဟု ၎င်းတို့ခေါ်ဆိုသော လုပ်ဆောင်ချက်ကို စတင်ခဲ့ပြီးနောက်ပိုင်း ICC မှ နုတ်ထွက်ရန် တရားဝင် စတင်လုပ်ဆောင်သည့် စတုတ္ထမြောက်နိုင်ငံအဖြစ် တာဂျစ်ကစ္စတန်နိုင်ငံ ပါဝင်လာကြောင်း ICC အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးက နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံများအနေဖြင့် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ကြရန် ဇူလိုင်လတွင် တိုက်တွန်းပြောဆိုခဲ့ပြီးနောက်၊ ယခုအခါ တာဂျစ်ကစ္စတန်နိုင်ငံကလည်း အဆိုပါတရားရုံးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။ ဤသို့ နုတ်ထွက်ကြောင်း ကြေညာထားသည့် အခြားနိုင်ငံများမှာ ချဒ်၊ ဗင်နီဇွဲလားနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံငယ်လေးတစ်ခုဖြစ်သည့် နော်အီရိုနိုင်ငံတို့ ဖြစ်ကြသည်။
ယူကရိန်းနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရပြီးနောက် ICC က ဖမ်းဝရမ်း ထုတ်ထားသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅ ခုနှစ်တွင် တာဂျစ်ကစ္စတန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့စဉ်က ၎င်းကို ဖမ်းဆီးရန် ပျက်ကွက်ခဲ့သည့်အတွက် ICC က တာဂျစ်ကစ္စတန်နိုင်ငံကို မတ်လအတွင်းက ဝေဖန်ပြစ်တင်ခဲ့သည်။
အလားတူပင် ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာနိုင်ငံတို့ကလည်း ပြီးခဲ့သည့်နှစ်က ICC မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ကြပြီး၊ ဤတရားရုံးကို ခေတ်သစ်ကိုလိုနီဝါဒ၏ ဖိနှိပ်မှုကိရိယာတစ်ခုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
ICC သည် ကမ္ဘာလုံးဆိုင်ရာ အမြဲတမ်း စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးတစ်ခု ဖြစ်သည်။ နိုင်ငံအလိုက် တရားရုံးများက အရေးယူဆောင်ရွက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် မစွမ်းဆောင်နိုင်ခြင်းတို့ ဖြစ်ပေါ်လာသည့်အခါ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ကျူးကျော်စစ်ပြုလုပ်မှုတို့ဖြင့် စွပ်စွဲခံထားရသူများကို ဤတရားရုံးက တရားစွဲဆို အရေးယူလေ့ရှိသည်။
နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ICC ၏ အုပ်ချုပ်ရေးအဖွဲ့က၊ တရားရုံးမှ နုတ်ထွက်ရန် တစ်နှစ်ကြာ လုပ်ငန်းစဉ်ကို တရားဝင် စတင်လိုက်ကြခြင်းက တရားမျှတမှုရရှိရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေနိုင်ပြီး၊ ပြစ်မှုကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အားနည်းသွားစေနိုင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဤသို့ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းက သက်ဆိုင်ရာနိုင်ငံတစ်ခုအနေဖြင့် အဆိုပါ သဘောတူစာချုပ်တွင် အဖွဲ့ဝင်အဖြစ် ရှိနေစဉ်ကာလအတွင်း ပေါ်ပေါက်လာခဲ့သည့် တာဝန်ဝတ္တရားများမှ လွတ်မြောက်သွားစေမည် မဟုတ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ICC ၌ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံ ရှိသော်လည်း၊ ၎င်းတို့အထဲတွင် နုတ်ထွက်ရန် လုပ်ငန်းစဉ်ကို တရားဝင် စတင်ထားပြီးဖြစ်သည့် နိုင်ငံ ၇ နိုင်ငံလည်း ပါဝင်နေသည်။ ဤနုတ်ထွက်ခြင်း လုပ်ငန်းစဉ်မှာ ပြီးစီးရန် တစ်နှစ်အချိန် ကြာမြင့်မည်ဖြစ်သည်။
Ref: Reuters