
စော(NP News)- နိုဝင်ဘာ ၂၄
သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ဟောင်ကောင်ဗီဇာလျှောက်ထားမှု လွယ်ကူလျင်မြန်စေရေးကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာ ၂၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ ညွှန်ကြားရေးမှူး Mr. KWOK Joon-fung, Benson အား ပြီးခဲ့သည့် (နိုဝင်ဘာ ၁၇ရက်)တွင် သွားရောက်တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေး၊ ပညာရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် အပြန်အလှန် ကူးလူးဆက်သွယ်မှုများ ဆက်လက်တိုးတက်လျက်ရှိနေခြင်းအပေါ် နှစ်ဖက်စလုံးက အပြုသဘောဆောင်စွာ အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်ဝင်ဗီဇာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အကျိုးစီးပွားနှင့် အပြန်အလှန်မူတို့အပေါ် အခြေခံဆောင်ရွက်နိုင်ရေး၊ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော မြန်မာနိုင်ငံသားများ၏ ဟောင်ကောင် ပြည်ဝင်ဗီဇာလျှောက်ထားမှုများအား ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။