
Htay Oung (NP News) နိုဝင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွတ်ပူးရ် နျူကလီယားဓာတ်အားပေးစက်ရုံက နိုင်ငံတော်အမျိုးသား ဓာတ် အားလိုင်းနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်ချိတ်ဆက်နိုင်ခဲ့ပြီး အမှတ်-၁ ဓာတ်ပေါင်းဖိုမှ လျှပ်စစ်ဓာတ်အား ၃၅၀ မဂ္ဂါဝပ်ကို စတင်ပို့လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်တယ်လို့ ရိုက်တာသတင်းအေဂျင်စီ (17 November 2026) ကရေးတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ နျူကလီယားစွမ်းအင်ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့(၃၃)နိုင်ငံမြောက်တိုင်းပြည်ဖြစ် လာပြီလို့ သိပ္ပံနဲ့နည်းပညာဝန်ကြီးက ရွတ်ပူးရ်စက်ရုံမှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ပြောပြတယ်။ အစီအစဉ်အတိုင်း အားလုံးအဆင်ပြေပါက လာမယ့် ဇန်နဝါရီလနှောင်းပိုင်း ဒါမှမဟုတ် ဖေဖော်ဝါရီလ ဆန်းပိုင်းမှာ စက်ရုံအနေနဲ့ စွမ်းအားအပြည့် စတင်လည်ပတ်နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းစဉ်ဟာ ရေနွေး ငွေ့စက်ရုံ တွေမှာအသုံးပြုတဲ့ လျှပ်စစ်ထုတ်လုပ်နည်းနဲ့ အခြေခံအားဖြင့် တူညီတယ်။ ရေကိုအပူပေးဖို့ ကျောက်မီး သွေး၊ ဓာတ်ငွေ့ သို့မဟုတ် ရေနံအစား ယူရေနီယမ်အက် တမ်တွေပြိုကွဲရာမှရရှိတဲ့ အပူစွမ်းအင်ကို အသုံးပြုခြင်းသာကွာခြားတယ်။
တစ်ခါ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို (၂၀၂၈)ခုနှစ်မှာ စတင်လည်ပတ်ဖို့ မျှော်မှန်းကြောင်း ဒါကာထရွိုင်ဗြွန်း (16 November 2026) ရဲ့သတင်း မှာတွေ့ရှိရတယ်။ လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံကို ဘင်္ဂလားဒေ့ရှ်တာကာ ငွေ (၁,၈၈၈ ဒသမ ၁၀ )ကုဋေ (အမေရိကန်ဒေါ်လာ ၁၅၁ သန်း ခန့်) ကုန်ကျခံကာ တည်ဆောက်လျက်ရှိပြီး (၂၀၂၈)ခုနှစ် ဇွန်လကုန်စီမံကိန်းပြီးစီးရန် ရည်မှန်းထားကြောင်း၊ (၂၀၃၀) ပြည့်နှစ်မှာ နိုင်ငံ့လျှပ်စစ်ဓာတ်အား လိုအပ်ချက် (၂၀ %)ကို ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်ရင်း မြစ်များမှဖြည့်ဆည်းပေးရန် အစိုးရရဲ့ရည်မှန်း ချက်အရဖြစ်ကြောင်း၊ စီမံကိန်းအတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရ၊ ဆော်ဒီအာရေးဗျအခြေစိုက် အစ္စလာမ္မစ်ဖွံ့ဖြိုး ရေးဘဏ်(IsDB)နဲ့ ဘင်္ဂလားဒေ့ရှ်လျှပ်စစ် ဓာတ် အားထုတ်လုပ်မှုလုပ်ငန်းတို့က ပူးတွဲငွေကြေးထောက်ပံ့မှာ ဖြစ်ကြောင်းသိရှိရတယ်။
စီမံကိန်းအရ မြေတစ်နေရာတည်းမှာ လျှပ်စစ်ထုတ်လုပမှုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တွေကို တစ်ပြိုင်နက်လုပ်ကိုင်နိုင်တဲ့ Agrivoltaic concept နည်းပညာကိုလည်း အသုံးပြုဖို့စီစဉ်ထား တယ်။ ဒေသခံ အလုပ်လက်မဲ့အမျိုးသမီးတွေနဲ့ လူငယ် (၁,ဝဝဝ)ခန့်ကို အသက်မွေးဝမ်းကျောင်းဆိုင် ရာ ကျွမ်းကျင်မှုသင်တန်းတွေပေးတာ၊ ကွန်ပျူတာဓာတ်ခွဲခန်းတွေတည်ထောင်တာနဲ့ စာသင်ကျောင်းတွေလို ဒေသတွင်းပညာရေးအဖွဲ့အစည်းတွေရဲ့ အဆောက်အအုံခေါင်မိုးတွေပေါ်မှာ ဆိုလာပြားတွေတပ်ဆင်ပေးခြင်းတို့လည်းပါဝင်တယ်။
တစ်ချိန်တည်းမှာပဲ နောက်ထပ် နေရောင်ခြည်စွမ်းအင်စက်ရုံတည်ဆောက်ဖို့အပြင် ရေပေါ် နေ ရောင်ခြည်စွမ်းအင်သုံး (၁၅၀)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ရုံတည်ဆောက်ဖို့လည်းစီစဉ်ထားတယ်။ စီမံကိန်းတွေအားလုံး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အဲဒီဒေသတစ်ခုတည်းက စုစုပေါင်း လျှပ်စစ် ဓာတ်အား (၆၀ဝ)မဂ္ဂါဝပ်ခန့်ထုတ်လုပ်ရာ နေရောင်ခြည်စွမ်းအင်ဗဟိုချက်တစ်ခု ဖြစ်လာနိုင်တယ်။ လျှပ် စစ်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးသာမက သန့်ရှင်းစွမ်းအင်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ ဒေသခံအလုပ်အကိုင်ဖန်တီးရေးနဲ့ ရေရှည်တည်တံ့တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ အ တွက်လည်း အရေးပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေဖို့ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပြည်ပလောင်စာအပေါ် မှီခိုမှုလျှော့ ချခြင်း၊ စွမ်းအင်ရင်းမြစ်ကွဲပြားစေမှုနဲ့ ရေရှည်စွမ်းအင်လုံခြုံမှုတိုးမြှင့်တာတို့ကို မျှော်မှန်းထားတယ်လို့ သတင်းမှာဖော်ပြတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကိုခြုံငုံကြည့်ရင် မြန်မာ့ အိမ်နီးချင်းတိုင်းပြည်ဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ရုံသာမက စွမ်းအင်ရင်းမြစ်တွေ ကိုပါ ပြောင်းလဲကွဲပြားအောင်ဆောင်ရွက်နေကြောင်း သိသာတယ်။ အဓိကအားဖြင့် နျူကလီးယားစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နဲ့ ဘက်ထရီသိုလှောင်မှုတို့ကို ပေါင်းစပ်အသုံးပြုဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ လျှပ်စစ်လိုအပ်ချက်မြင့်တက်လာမှု၊ ပြည်ပမှ လောင်စာ တင်သွင်းရမှုနဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ မဟာဗျူဟာတစ်ရပ်အဖြစ်သုံးသပ်နိုင်တယ်။
ဒါပေမဲ့ စီမံကိန်းတွေရဲ့အောင်မြင်မှုကို တည် ဆောက်ပြီးစီးတဲ့ ဓာတ်အားပမာဏသက်သက်နဲ့ တိုင်းတာလို့မရပါ။ ဘင်္ဂလားဒေ့ရှ်ရဲ့ (၂၀၂၅)ခုနှစ် လျှပ် စစ်ထုတ်လုပ်မှုမှာ သဘာဝဓာတ်ငွေ့က (၆၄ %) ခန့်၊ ကျောက်မီးသွေး(၂၂ %)ခန့်ပါဝင်ခဲ့ပြီး နေရောင်ခြည် စွမ်းအင်မှာ (၁.၅ %)ခန့်သာရှိခဲ့တယ်။ ဒါ့ပြင် လောင်စာ လုံလောက်စွာတင်သွင်းနိုင်ခြင်းမရှိတဲ့အတွက် တည်ဆောက်ပြီးသား ဓာတ်အားပေးစက်ရုံ တချို့ကိုပင် စွမ်းအားပြည့်မလည်ပတ်နိုင်တဲ့ပြဿနာရှိနေတယ်။
ရွတ်ပူးရ်နျူကလီးယားစက်ရုံရဲ့ ပထမဓာတ်ပေါင်းဖိုမှ (၃၅၀)မဂ္ဂါဝပ် စမ်းသပ်ပို့လွှတ်နိုင်မှုဟာ အရေးပါတဲ့ နည်းပညာဆိုင်ရာမှတ်တိုင်တစ်ခုဖြစ်ပေမယ့် စီးပွားဖြစ်ဓာတ်အားထုတ်လုပ်မှုစတင်ပြီလို့ မဆိုနိုင်သေးပါ။ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုစရိတ်ဟာ (၂၀၁၀)ပြည့်နှစ်နဲ့နှိုင်းယှဉ်ရင် အမှန်တ ကယ်ကျဆင်းနေပါတယ်။ နေရောင်ခြည်စွမ်းအင်ဟာ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေလို နေရာကျဉ်းကျဉ်းမှာ ဓာတ်အားအမြောက်အမြား ထုတ်လုပ်နိုင်တာမျိုးမဟုတ်ပါဘူး။ ဆိုလိုတာက လျှပ် စစ် (၁) မဂ္ဂါဝပ်အတွက် မြေ(၅)ဧကခန့် လိုအပ်တယ်။
တစ်ဖန် တပ်ဆင်ထားတဲ့စွမ်းအား (Installed Capacity) ရဲ့ (၁၇.၄%)သာ အမှန်တကယ် ထုတ် ယူရရှိပါတယ်။ နေရောင်ခြည်ရရှိမှု၊ ရာသီဥတုနဲ့စက်ပစ္စည်းစွမ်းဆောင်ရည်တို့အပေါ်မူတည်ပြီး အပြောင်း အလဲရှိတယ်။ နေ့ခင်းဘက် ဆိုလာပြားကထွက်လာတဲ့ ပိုလျှံ DC ကို ဘက်ထရီမှာသိုလှောင်ပြီး ညဘက် သို့မဟုတ် နေရောင်မရတဲ့အချိန်မှာ လူနေအိမ်၊ စက်ရုံသုံး AC လျှပ်စစ်အဖြစ် အင်ဗာတာ (Inverter) က ပြောင်းပေးပါတယ်။ လီသီယံအိုင်းယွန်းဘက်ထရီတွေမှာ အပူလွန်ကဲပြီး အလိုအလျောက်အပူမြင့်တက် လာပါက မီးလောင်တာ၊ ပေါက်ကွဲတာနဲ့ အဆိပ်ဓာတ်ငွေ့ထွက်တာတို့ဖြစ်နိုင်ပါတယ်။ မီးငြှိမ်းသတ်ပြီး နောက် ပြန်လည်လောင်ကျွမ်းနိုင်တဲ့အန္တရာယ်လည်း ရှိပါတယ်။ နေရောင်ခြည်စွမ်းအင်ဟာ လျှပ်စစ် ထုတ်လုပ်နေစဉ် ကာဗွန်ထုတ်လွှတ်မှု အလွန်နည်းပေမယ့် ဆိုလာပြားထုတ်လုပ်ရာမှာ ကုန်ကြမ်း၊ စွမ်း အင်နဲ့ ဓာတုပစ္စည်းတွေ လိုအပ်ပါတယ်။ သက်တမ်းကုန်ဆုံးသွားတဲ့ ဆိုလာပြားနဲ့ဘက်ထရီတွေကို စနစ် တကျ ပြန်လည်အသုံးချတာ၊ စွန့်ပစ်တာတို့မပြုလုပ်နိုင်ရင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်နိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အပါအဝင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နျူကလီယားနဲ့ နေရောင်ခြည်စွမ်းအင်ကို တိုးချဲ့ လာရတဲ့အကြောင်းရင်းဟာ လောင်စာတင်သွင်းမှုလျှော့ချရေးနဲ့ စွမ်းအင်လုံခြုံရေးတင်မကပါဘူး။ ကမ္ဘာ ကြီး ပူနွေးလာမှုကိုထိန်းချုပ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့၊ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO) ထုတ် လွှတ်မှုကိုလျှော့ချဖို့လည်းဖြစ်ပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့တို့ကို လောင်ကျွမ်းစေ ပြီး လျှပ်စစ်ထုတ်လုပ်ရာမှာ CO2 အမြောက်အမြား ထွက်ရှိပါတယ်။ ဒီဓာတ်ငွေ့တွေဟာ လေထုအပူချိန် ကို ပိုမိုပိတ်လှောင်စေပြီး ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ အဓိက အ ကြောင်းရင်းတွေဖြစ်တယ်။
ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အဓိကအကျိုးဆက်တွေအနေနဲ့ အပူလှိုင်း/အအေးလှိုင်းဖြတ်သန်းတာ၊ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးတာနဲ့ ပြင်းထန်မုန်တိုင်းတွေ ပိုမိုဖြစ်ပွားလာပါတယ်။ ပင် လယ်ရေမျက်နှာပြင်မြင့်တက်ပြီး ဝင်ရိုးစွန်းရေခဲ တောင်တွေအရည်ပျော်မှုကြောင့် ကမ်းရိုးတန်းမြို့ကြီး တွေနဲ့ကျွန်းနိုင်ငံတွေ ရေနစ်မြုပ်မယ့်အန္တရာယ် ရှိနေပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးပြီး စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုနဲ့ ရေချိုရှားပါးမှုတို့ကို ကြုံတွေ့ရတယ်။ ဂေဟစနစ်ပျက်စီးပြီး သန္တာကျောက်တန်းတွေသေဆုံးတာ၊ တောမီးလောင်ကျွမ်းတာနဲ့ တိရစ္ဆာန်မျိုးစိတ်တွေမျိုးသုဉ်းပျောက် ကွယ်တာတို့ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေတွေကို သိပ္ပံနည်းပညာဖြင့် တစ်စိတ်တစ်ပိုင်းသာ အံတု နိုင်သေးပြီး အပြည့်အဝကျော်လွှားဖို့ခက်ခဲနေဆဲ ဖြစ်ပါတယ်။ နည်းပညာတွေဟာ ကမ္ဘာ့အတိုင်းအတာ ဖြင့်အသုံးပြုရန် ကုန်ကျစရိတ်အလွန်မြင့်မားနေမှုနဲ့ အချိန်ယူရတာတို့ရှိနေပါတယ်။ အရည်ပျော်သွားတဲ့ ရေခဲတောင်တွေနဲ့မျိုးသုဉ်းသွားတဲ့သက်ရှိတွေကို နည်းပညာဖြင့် ပြန်လည်အစားထိုးလို့မရနိုင်ပါ။ ဒါ ကြောင့် နည်းပညာတစ်ခုတည်းနဲ့ဖြေရှင်းလို့မရနိုင်ဘဲ လူသားတွေကိုယ်တိုင် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ် လွှတ်မှုကို အမြန်ဆုံးလျှော့ချဖို့မဖြစ်မနေလိုအပ်နေပါတယ်။
(၁၈၅၀-၁၉၀ဝ) ပြည့်နှစ် စက်မှုတော်လှန် ရေးမတိုင်မီ သဲကန္တာရနဲ့သမပိုင်းဒေသတွေပါ၊ ကမ္ဘာ့ မြေမျက်နှာပြင်နဲ့ အေးခဲနေတဲ့ဝင်ရိုးစွန်းများပါ သမုဒ္ဒ ရာရေပြင်တို့ကို ထည့်သွင်းတွက်ချက်ပြီး ကမ္ဘာကြီး ရဲ့ ပျမ်းမျှအပူချိန်ဟာ (၁၃.၇) ဒီဂရီဆဲလ်ဆီးယပ်စ်မှ (၁၃.၈)ဒီဂရီဆဲလဆစီးယပ်စ်ခန့်လို့ တွေ့ရှိရတယ်။ အဲဒီအပူချိန်ကို အခြေခံစံနှုန်း (Pre-industrial baseline) အဖြစ်သတ်မှတ်ပြီး ယနေ့ကမ္ဘာ့အပူချိန် မြင့် တက်မှုကို တိုင်းတာနေကြတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ (၂၀၂၆) ခုနှစ် နိုဝင်ဘာထုတ်ပြန်ချက်အရ (၂၀၂၄)ခုနှစ်မှာ (၁.၅၅) ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ မြင့်တက်ခဲ့တယ်။ (၂၀၂၅) ခုနှစ်မှာ စက်မှုမတိုင်မီကာလထက် (၁.၄၄) ဒီဂရီဆဲလ်ဆီးယပ်စ်၊ (၂၀၂၆)ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ပျမ်းမျှ (၁.၄၇) ဒီဂရီဆဲလ်ဆီးယပ်စ် ပိုမိုပူနွေးလာခဲ့တယ်။ ဒါ့ကြောင့် မူလအခြေခံအပူချိန်ထက် စံချိန်တင် ပိုမိုပူနွေးလာပြီး (၂၀၁၅)ခုနှစ် ပဲရစ် သဘောတူညီချက်အရ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို (၁.၅)ဒီဂရီဆဲလ်ဆီးယပ်စ်ထက်မကျော်လွန်ရန်ကန့် သတ်ချက်မှ ယာယီကျော်လွန်နေပါတယ်။
ယနေ့ကမ္ဘာ့စွမ်းအင်မူဝါဒတွေဟာ လျှပ်စစ်လို အပ်ချက်ဖြည့်စည်းရေးတစ်ခုတည်း မဟုတ်တော့ ဘဲ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ စွမ်းအင်လုံခြုံရေးနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုတဲ့ ရည်မှန်း ချက် သုံးခုကို တစ်ပြိုင်နက်တည်း ချိန်ညှိဆောင်ရွက်လာကြတာ ဖြစ်တယ်။
ဒီနေရာမှာ မြန်မာနိုင်ငံဟာ စွမ်းအင်လိုအပ်မှု ဘဝတူဘင်္ဂလားဒေ့ရှ်ထက် နျူကလီယားလျှပ်စစ် ထုတ်လုပ်ရေးမှာ နောက်ကျ ကျန်ရစ်သွားပြီဖြစ်တယ်။ ဒါပေမဲ့ ရုရှားထံမှ (Small Modular Reactor- SMR) နျူကလီယားအသေးစားမော်ဂျူးဓာတ်ပေါင်းဖို နည်းပညာရယူထားခြင်းကြောင့် မြန်မာမှာလည်း နျူကလီယားလျှပ်စစ်ထုတ်လုပ်နိုင်မယ့် အလားအလာရှိပါတယ်။ အဓိကကွာခြားချက်က နှစ်နိုင်ငံရဲ့ စီမံ ကိန်းအကောင်အထည်ဖော်မှုအဆင့် ဖြစ်ပါတယ်။
(၂၀၂၅) ခုနှစ် မတ်လမှာ ရုရှားနဲ့ (၁၁၀)မဂ္ဂါဝပ် SMR စီမံကိန်းအတွက် အစိုးရအချင်းချင်း သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပထမအဆင့် မှာ (၅၅)မဂ္ဂါဝပ်စီရှိ ဓာတ်ပေါင်းဖို နှစ်လုံး တည်ဆောက်ရန်ဖြစ်ပြီး နောင်(၃၃၀)မဂ္ဂါဝပ်အထိတိုးချဲ့နိုင်ရန် ရည်ရွယ်ထားတယ်။
နျူကလီယားစက်ရုံတည်ဆောက်ရန် ဓာတ် ပေါင်းဖိုဝယ်ယူရုံနဲ့မပြီးပါ။ နျူကလီယားဥပဒေ၊ အ နှောင်အဖွဲ့ကင်း လွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့၊ လုံခြုံရေးစနစ်၊ လိုင်စင်ထုတ်ပေးရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးစနစ်တွေလိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီအဖွဲ့အစည်းတွေကို တည်ဆောက်နေဆဲဖြစ်ပါ တယ်။ စာချုပ်လက်မှတ်ရေးထိုးပြီး (၂၄)ရက်အကြာ မြန်မာနိုင်ငံမှာ လူပေါင်း(၃၀ဝဝ)ကျော်သေ ဆုံးပြီး အဆောက်အအုံပေါင်းများစွာ ပြိုလဲပျက်စီးခဲ့ရတဲ့ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ ဒါ ကြောင့် စက်ရုံနေရာမြေသားအခြေအနေ၊ မြေငလျင်၊ ရေအရင်းအမြစ်နဲ့ လူနေထူထပ်မှုတို့အပေါ်အခြေခံ ပြီး အသေးစိတ် ထပ်မံစစ်ဆေးရပါတယ်။
SMR တည်ဆောက်ရေးအတွက် ငွေကြေးအပါအဝင် အခြေခံအဆောက်အအုံအရင်းအနှီးများစွာ လိုအပ်သလို ရုရှားထံမှ နည်းပညာ၊ လောင်စာ၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကိုလည်း ရေရှည်မှီခိုရနိုင်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့နိုင်ငံတကာငွေပေးချေမှုဆိုင်ရာ အခက်အခဲတွေက လည်း စီမံကိန်းအပေါ် သက်ရောက်ပါတယ်။ နျူကလီးယားစက်ရုံဆိုတာ နှစ်ပေါင်းများစွာတည်ဆောက် ရပြီး ဆယ်စုနှစ်များစွာလည်ပတ်ရမယ့် အခြေခံအဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ရေရှည် ဘဏ္ဍာ ရေးစီမံကိန်း၊ ပြည်တွင်းနိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာအာမခံချက်တွေလိုအပ်တယ်။
(၂၀၂၆) နိုဝင်ဘာ (၁၁)ရက် ပြည်သူ့လွှတ်တော်မှာ လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီး ဦးအေး ကျော်ရဲ့တင်ပြချက်အရ စီမံကိန်းတည်ဆောက်ရေးကို (၂၀၂၈-၂၀၂၉) ဘဏ္ဍာနှစ်မှာစတင်နိုင်ပါက (၂၀၃၅-၂၀၃၆) ဘဏ္ဍာနှစ်မတိုင်မီပြီးစီးဖို့မျှော်မှန်းထားကြောင်း၊ (၂၀၂၇)ခုနှစ်မှာ မြေပြင်လုပ်ငန်းတွေ စတင်ဖို့မျှော်မှန်းထားကြောင်း သိရှိရတယ်။ မြန်မာက နေရာနှစ်ခုကိုရွေးချယ်ထားပေမယ့် ရုရှားနဲ့ အင်ဂျင်နီယာဆိုင်ရာစစ်တမ်းတွေ ဆက်လက်ဆွေးနွေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ နျူကလီးယားစက်ရုံက မြန်မာထက် (၂၁) ဆကျော်ကြီးမားတာ မှန်ပါတယ်။ (၂၀၁၇) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ ရွတ်ပူးရ် စီမံကိန်းကိုပင် (၃၅၀)မီဂါဝပ်ခန့် ဓာတ်အားစမ်းသပ် ပို့လွှတ်နိုင်ဖို့ (၉)နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ (၂၀၃၅-၂၀၃၆)မတိုင်မီ စတင် ထုတ်လုပ်နိုင်ရေးရည်မှန်းချက်ကိုလည်း အတိအကျအကောင်အထည်ဖော်နိုင်ဖို့လိုပါတယ်။